“လိုင်စင်မဲ့ကားတွေ ဖမ်းမယ့်ကိစ္စ၊ နယ်ခြားစောင့်တပ်က တင်ပြသလို ပြန်စဉ်းစားပါ”

“လိုင်စင်မဲ့ကားတွေ ဖမ်းမယ့်ကိစ္စ၊ နယ်ခြားစောင့်တပ်က တင်ပြသလို ပြန်စဉ်းစားပါ”
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ သွင်းကုန်စစ်ဆေးရေးဂိတ်တွင် ကုန်စည်စစ်ဆေးနေသော ကုန်တင်ယာဉ်များ။ ၀၃ အောက်တိုဘာ ၂၀၁၄။ ဓာတ်ပုံ သက်ထူး။

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ရက်ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က ထွက်ပေါ်လာတဲ့ ထူးခြား သတင်း တစ်ပုဒ်ကတော့ လိုင်စင်မဲ့ကားတွေကို အာဏာပိုင်တွေက ဖမ်းဆီးမယ့် အစီအစဉ်ကို ရပ်ဆိုင်းပေး ပါ၊ ပြန်စဉ်းစားပေးပါဆိုပြီး နယ်ခြားစောင့်တပ် အရာရှိတွေက စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက် တဲ့ သတင်းပါ။ အရင်က DKBA လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကရင် လက်နက်ကိုင်တပ်ဖွဲ့မှာ ပါဝင်ခဲ့ကြပြီး နောက်ပိုင်း တပ်မတော်လက်အောက်မှာ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရာမှာ တာဝန်ယူခဲ့ကြတဲ့ ကရင်တိုင်းရင်းသား အရာရှိတွေ စုပေါင်းပြီး လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာ ဖြစ် ပါတယ်။ သူတို့ဘာတွေ တောင်းဆိုသလဲ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ ကားပြဿနာ ဘယ်လို အခြေအနေ ရှိသလဲ၊ ပြဿနာကို ဘယ်လို ဖြေရှင်းရင် အဆင်ပြေနိုင်မလဲဆိုတာ ဒီကနေ့ဆွေးနွေး တင်ပြသွားပါ့မယ်။

စာမှာဖော်ပြထားတာကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဟာ စစ်ဘေးစစ်ဒါဏ် အပါအဝင် အကြောင်းအချက် အမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နိမ့်ကျနေရတယ်၊ ဒီလို အခြေအနေအောက်မှာ ပြည်သူ တွေက ဆင်းရဲတယ်၊ ဆင်းရဲတဲ့အတွက်ကြောင့် အစိုးရက တရားဝင်လမ်းကြောင်းကနေ တင်သွင်း ခွင့်ပြုထားတဲ့ မော်တော်ကားတွေကို ဝယ်ယူစီးနင်း အသုံးပြုဖို့ ငွေကြေး မတတ်နိုင်ကြဘူး၊ အဲဒီအစား ဈေးပေါ တဲ့ ထိုင်းနယ်စပ်က သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေကိုပဲ တောရွာ ကျေးလက်အနှံ့ အသုံးပြုနေ ကြတယ်၊ အခု အစိုးရ အာဏာပိုင်တွေကနေ ဒီ လိုင်စင်မဲ့ကားတွေကို သိမ်းဆည်းမယ်ဆိုပြီး အစီအစဉ်တွေ လုပ်နေတယ်၊ ကြေငြာနေတယ်၊ အဲလို ကြေငြာထားတဲ့အတွက်လည်း ဒေသခံ တိုင်းရင်းသား တွေဟာ သူတို့လက်ဝယ် ရှိနေတဲ့ လိုင်စင်မဲ့ကားတွေကို အသုံးမပြုရဲကြတော့ဘူး၊ တစ်ချို့ဆိုရင် ရရာဈေးနဲ့ ရောင်းထုတ်နေကြတယ်၊ တကယ်လို့ လိုင်စင်မဲ့ကားတွေကိုသာ ဖမ်းဆီး၊ သိမ်းဆည်းမှုတွေ လုပ်ခဲ့ရင် ကရင်ပြည်နယ် မွန်ပြည်နယ်ရဲ့ ကုန်စည်ကူးသန်းရေး၊ ပြည်သူတွေ သွားရေး လာရေး အားလုံး အခက်အခဲ ဖြစ်သွားနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ၂၀၀၅ ခုနှစ်တုန်းက လိုင်စင်မဲ့ကားတွေကို ဖမ်းဆီး၊ သိမ်းဆည်းတဲ့ အစီအစဉ်မျိုး ထပ်မလုပ်ပါနဲ့တော့၊ လက်ရှိ ပြည်သူတွေ စီးနေတဲ့ လိုင်စင်မဲ့ကားတွေကို ဒေသတွင်း ကန့်သတ် အစီအအစဉ်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီး စီးခွင့်ပြုတာမျိုး လုပ်ပေးပါဆိုပြီး တောင်းဆိုထားတာ ဖြစ်ပါတယ်။ သူတို့တင်ပြတဲ့ အခြေအနေ မှန်ကန်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာ ပြည်သူအများစု ဟာ ရန်ကုန်နဲ့ မြို့ကြီးပြကြီးတွေက ပြည်သူတွေလို ငွေကြေးမချမ်းသာကြပါဘူး။ ဒါကြောင့် မြို့ပြက ပြည်သူတွေ စီးနေကြတဲ့ ကျပ်သိန်း ၁၀၀ ကျော်တန် ၁၃၀၀ စီစီကားတွေကိုလည်း မစီးနိုင်ကြပါဘူး၊ အဲဒီ ကားမျိုးတွေအစား နယ်စပ်ကနေ ဝင်လာပြီး ကျပ်သိန်း ၂၀ ဝန်းကျင်လောက်ပဲ ပေးရတဲ့ ကားတွေကိုပဲ စီးနေကြတာ ဖြစ်ပါတယ်။ နောက်တစ်ချက် ကရင်ပြည်နယ် မွန်ပြည်နယ်ဘက်မှာ လိုအပ်ချက်ဖြစ်နေတဲ့ လူစီးကုန်တင် ပစ်ကပ် ကားငယ်လေးတွေဆိုလည်း လိုင်စင်နဲ့ဆို ကျပ်သိန်း ၂၀၀ ကျော် အထက်လောက်မှ စီးနိုင်ကြမှာပါ။ ဒီလောက်ငွေ ကျေးလက်က လူတွေ၊ စီးပွားရေး လုပ်နေသူတွေ မတတ်နိုင်ကြပါဘူး။ ကျပ်သိန်း ၂၀-၃၀ လောက်ပေးရတဲ့ လိုင်စင်မဲ့ ပစ်ကပ်ကားတွေ ကိုပဲ ကျေးလက်တွေမှာ သုံးနေကြတာ ဖြစ်ပါတယ်။ နောက်ဆုံးကုန်ကုန် မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် နယ်စပ်ကုန်သွယ်မှု ပမာဏအများဆုံး မြဝတီ - ဘားအံ၊ မြဝတီ- ရန်ကုန် လမ်းပိုင်းမှာဆိုရင်လည်း လူစီးကုန်တင်အတွက် လိုင်းစင်မဲ့ကားတွေကိုပဲ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

အရင်တုန်းကလည်း ခုလိုပဲ လိုင်စင်မဲ့ကားတွေကို ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး လုပ်ခဲ့ကြဘူးပါ တယ်။ အဲဒီလိုလုပ်လိုက်တိုင်း ဘားအံ- မြဝတီ၊ မော်လမြိုင်- မြဝတီ သွားလာရေး အခက်တွေ့ပြီး ခရီးစားရိတ်တွေ ကြီးမြင့်ကုန်ပါတယ်။ ၂၀၀၅ ခုနှစ် အစိုးရက လိုင်စင်မဲ့ကားတွေကို ဖမ်းဆီး၊ သိမ်းဆည်းတော့လည်း တကယ်ခံလိုက်ရတာက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်က ပြည်သူတွေ အများစုပါ။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဟာ ဒီကိစ္စကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းသင့်ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ပြဿနာကို ပြန်ကြည့်လိုက်ရင် အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ အားနည်းချက်ကြောင့် ရန်ကုန်မှာ ကားများလွန်းပြီး နယ်တွေမှာ ကားတွေ နည်းနေတာပါ။ ရန်ကုန်ကလူတွေ ကားသုံးနိုင်ပြီး နယ်ကလူတွေ ကားမသုံးနိုင်ကြတဲ့ ပြဿနာပါ။

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖု့ိဆိုရင် ပြည်သူတွေဟာ သူတို့ရတဲ့ ဝင်ငွေနဲ့ မိုဘိုင်းဖုန်း၊ အင်တာနက်သုံးနိုင်ဖို့၊ ကားဝယ်စီးနိုင်ဖို့ ဆိုတာတွေ လိုပါတယ်။ ဒီလို မိုဘိုင်းဖုန်းသုံးနိုင်၊ အင်တာနက် သုံးနိုင်၊ ကားဝယ်ယူ အသုံးပြုနိုင်ရင် တစ်ဦးချင်းစီးပွားရေး တိုးတက်ဖို့အတွက်လည်း အများကြီး အထောက်အကူ ပေးပါတယ်။ ဒီအတွက် အစိုးရကောင်းတွေဟာ ပြည်သူတွေ သူတို့ဝင်ငွေနဲ့ သူတို့ တတ်နိုင်သလောက် ကားဝယ်စီး၊ ဝယ်သုံးနိုင်အောင် လုပ်ပေးရပါမယ်။ အဲလို ကားဝယ်စီး၊ ဝယ်သုံးရင်း သူတို့ စီးပွားရေးတွေ ဖွံ့ဖြိုးအောင်၊ ချမ်းသာအောင် လုပ်နိုင်ပြီဆို အခွန်အခ ပိုပြီး ကောက်လို့ ရလာစေ ပါမယ်။

ရန်ကုန်လို နေရာမျိုးမှာဆို ကားတွေကြပ်လို့ဆိုပြီး ကားတင်သွင်းခွင့် ခက်ခဲအောင်၊ ကားဈေး နှုန်းတွေ ကြီးမြင့်အောင်လုပ်တာ မမှန်ကန်ပါဘူး။ ကားစီးသူများလာရင် အဆင်ပြေအောင် စီမံခန့်ခွဲ မှုတွေ လုပ်ပေးရပါမယ်။ စီမံခန့်ခွဲရေးဆိုတာ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ အခုလို ကားကြပ်နေတာ ကားများလို့၊ ကားများနေရင် သွင်းတာနည်းအောင် သွင်းရခက်အောင် လုပ်မယ်၊ ကားဈေးတက် အောင် လုပ်မယ်ဆိုတာ မှန်ကန်တဲ့ လုပ်နည်းလုပ်ဟန်တွေ မဟုတ်ပါဘူး။ အလားတူ နယ်တွေမှာ ပြည်သူတွေ ကားမစီးနိုင်တဲ့ ပြဿနာကိုလည်း မှန်မှန်ကန်ကန် ဖြေရှင်းပေးဖို့ လိုပါတယ်။ လမ်းတွေ တိုးချဲ့ဖေါက်လုပ်ပေးတာ၊ ရှိပြီးသား လမ်းတွေကို ကောင်းအောင် ပြုပြင်ပေးတာ လုပ်ပေးပြီး တစ်ပြိုင် နက်တည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ကားစီးနိုင်အောင်၊ ကားသုံးနိုင်အောင် လုပ်ပေးရပါလိမ့်မယ်။ ဒါမှ တစ်ဦးချင်း စီးပွားရေး ဖွံ့ဖြိုးလာမှာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းနဲ့ နိုင်ငံလည်း ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

အဲဒီလို လုပ်နိုင်ရေးအတွက် ကားတင်သွင်းခွင့် ပေါ်လစီ မှန်မှန်ကန်ကန် ချမှတ်ဖို့ လိုပါ တယ်။ ဒါတင်မက လိုအပ်ရင် ပြည်နယ်နဲ့ တိုင်းအလိုက် သီးခြား မှတ်ပုံတင်၊ သီးခြား ကန့်သတ်စီးနင်း ခွင့်ပြုတာမျိုး အကောင်အထည် ဖော်ပေးသင့် ဖော်ရပါလိမ့်မယ်။ နောင် ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက် လာရင် ပြည်သူတွေ ချမ်းသာလာရင် အဲဒါမျိုး လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိ အစိုးရအနေနဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဆီး၊ သိမ်းဆည်းမယ် ဆိုတဲ့ကိစ္စ၊ နယ်ခြားစောင့်တပ် အရာရှိ တွေ ဝိုင်းပြီး တင်ပြသလို၊ ပြန်လည် စဉ်းစားသုံးသပ်၊ အကောင်အထည် ဖော်သင့်ပါကြောင်း တင်ပြ လိုက်ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required