ဘိုကာဂျူနီယာအသင်းသို့ တီဗက်ဇ် ပြန်လည်ရောက်ရှိ

ဘိုကာဂျူနီယာအသင်းသို့ တီဗက်ဇ် ပြန်လည်ရောက်ရှိ

အာဂျင်တီးနား၊ ဇွန် ၂၇ ။         ။ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းမှ မွေး ရပ်မြေကလပ် ဘိုကာဂျူနီယာအသင်းသို့ ပြန်ရောက်ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ တီဗက်ဇ်သည် ၂၀၀၄ ခုနှစ်က ဘိုကာဂျူနီယာအသင်းကို စွန့်ခွာခဲ့ပြီး ဥရောပတွင် ကိုးနှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကိုရင်သီယန်၊ ဝက်စ်ဟမ်း၊ မန်ယူ၊ မန်စီးတီး အသင်းတို့တွင် ကစားခဲ့သည့် တီဗက်ဇ်သည် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်း အတွက် စီးရီးအေသွင်းဂိုး ဂိုး ၂၀ အထိသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပီအက်စ်ဂျီ၊ လီဗာပူးလ်နှင့် အက်သလက်တီကို အသင်းတို့က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အာဂျင်တီးနားသို့သာ ပြန်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။

ဂျူဗင်တပ်စ်အသင်းသည် တီဗက်ဇ်၏နေရာတွင် အစားထိုးရန် အက်သလက်တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူပြီး ဖြစ်သည်။ တီဗက်ဇ်သည် ကိုပါအမေရိကပြိုင်ပွဲတွင် အရန်ခုံ၌သာ ထိုင်နေရသော်လည်း ကိုလံဘီယာကို အနိုင်ရခဲ့သည့် ကွာတားဖိုင် နယ်ပွဲစဉ်တွင် အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူပေးခဲ့သည်။

ထိုအချိန်ကာလမှာပင် ဘိုကာဂျူနီယာအသင်းက တီဗက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ 'တီဗက်ဇ်ဟာ သူ့ကစားသမားဘဝရဲ့ အံ့အားသင့်ဖွယ်ရာအကောင်းဆုံးအချိန်မှာ အသင်းကို ပြန်ရောက်လာပါပြီ။ ဒါက ဘိုကာအသင်း၊ ဘိုကာပရိသတ်တွေနဲ့ အသင်းဖော်တွေအတွက် တကယ်ကို ဝမ်းမြောက်စရာပါ။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ တောင့်တင်းတဲ့ အသင်းကို တီဗက်ဇ်က ပိုမြင့်တဲ့အဆင့်တစ်ခုရောက်အောင် ပြုလုပ်ပေးပါလိ့မ်မယ်' ဟု ဘိုကာဂျူနီယာအသင်းဥက္ကဋ္ဌ အိန်ဂျယ်လီစီက ပြောသည်။

တီဗက်ဇ်သည် ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ စီးရီးအေဖလား နှစ်ကြိမ်ရယူပြီး အာဂျင်တီးနားသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ဘိုကာဂျူနီယာအသင်းတွင် ပထမတစ်ကြိမ် ကစားစဉ်က ပွဲပေါင်း ၁၁၀ ကစားပြီး ၃၈ ဂိုးသွင်းယူပေးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အာဂျင်တီးနားအမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီး တောင်အမေရိကအကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly