Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲ ပြုလုပ်

Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲ ပြုလုပ်
(ဓာတ်ပုံ- ယဉ်မွန်ခိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။             ။ Pyonn ရုပ်ရှင် ထုတ်လုပ်ရေးမှ တတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ပုံဖော်ရိုက်ကူးမည့် Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၁၂ရက်တွင် စတင် ရိုက်ကူးသွားမည် ဖြစ်သည်။

Pyonn ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူး ပုံဖော်မည့် Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲကို ဖေဖော်ဝါရီလ ၉ရက် နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ရှိ New Ayeyar Hotel ၌ ပြုလုပ်ခဲ့သည်။

ထိုဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ ယုန်လေး၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ ယုသန္တာတင် ၊ ပန်းအိ အပြင် အထူးဧည့်သည် သရုပ်ဆောင်များ အဖြစ် မင်းဦး၊ ထွန်းထွန်း၊ ထူးခြား၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ယွန်းမှီမှီကျော်၊ စိုးနန္ဒာကျော် နှင့် တခြား သရုပ်ဆောင်များစွာတို့လည်း ပါဝင် ရိုက်ကူးကြမည် ဖြစ်သည်။
 
အဆိုတော် ယုန်လေးက "ကာရိုက်တာကတော့ Original Gangster 1 တုန်းက အတိုင်းပဲ။ ဒီဇာတ်ကား အတွက် မြင့်မြတ်ကော ကိုခင်လှိုင်ကော တက်တူးတွေ ထိုးထားကြတယ်။ Original Gangster 1 ကို ကျေနပ် အားရတဲ့အတွက် အခု ထပ်ရိုက် ဖြစ်တာပါ" ဟု ပြောသည်။
 
Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကားသည် ဒါရိုက်တာ ဂျိုးမှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး ထို ဇာတ်ကားသည် ၎င်းအတွက် ဒုတိယမြောက် အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကာ ပင်လယ်ဝအထိ သွားရောက် ရိုက်ကူး သွားမည် ဖြစ်သည်။
 
သရုပ်ဆောင် မြင့်မြတ်က "ဒီကားကတော့ Original Gangster 1 ကို ကျော်ဖို့ လိုတာပေါ့။ 1 မှာ ကျွန်တော်တို့ မှန်းထားတဲ့ အတိုင်းအတာထက်ကို အောင်မြင်ခဲ့တယ်။ ဒီကား အတွက်ကို ကြိုတင် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အဲ့တာကြောင့် ပရိသတ် အားပေးရကျိုးနပ်မယ့် ကား ဖြစ်မယ်လို့ အာမခံပါတယ်" ဟု ပြောသည်။
 
Original Gangster 1 ဗီဒီယို ဇာတ်ကားကို အောင်တိုင်းကျော် ဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ ဂျိုး၊ ဇာတ်လမ်း ယုန်လေး၊ ဇာတ်ညွှန်း မင်းညီ သရုပ်ဆောင်များ အဖြစ် မြင့်မြတ်၊ ယုန်လေး၊ မင်းဦး၊ ထူးခြား၊ ယုသန္တာတင် နှင့် အခြား သရုပ်ဆောင်များစွာ ပါဝင်ခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required