ဗြိတိန်ကျေးလတ်က လေကို ဖန်ဘူးထဲထည့်ပြီး တရုတ်တွေကို ရောင်းစား

ဗြိတိန်ကျေးလတ်က လေကို ဖန်ဘူးထဲထည့်ပြီး တရုတ်တွေကို ရောင်းစား

ဟောင်ကောင်၊ ဖေဖော်ဝါရီ-၉ ။           ။ ဗြိတိသျှ စီးပွားရေးသမားတစ်ယောက်ဟာ ဗြိတိန်ကျေးလတ်လေကို ၂၀အောင်စဝင် ဖန်ဘူးတွေနဲ့ ထည့်ပြီး တစ်ဘူးကို ၁၅၅ဒေါ်လာနဲ့ လေထုညစ်ညမ်းမှု ဒဏ်ခံနေရတဲ့  တရုတ်ဖောက်သည်တွေကို ရောင်းချရာကနေ ပွပေါက်တိုးနေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်မှာနေထိုင်တဲ့ အင်္ဂလန်ဇာတိဖွား လီယို ဒီ ဝပ် (၂၇နှစ်)ဟာ ဗြိတိန် ကျေးလတ်က လေကို ဖန်ဘူးတွေထဲထည့်ပြီး တစ်ဘူးကို ၁၁၅ဒေါ်လာနဲ့ ရောင်းချနေရာမှာ သူ့ရဲ့ ထုတ်ကုန်အများစုကို   လေထု အကြီးအကျယ်ညစ်ညမ်းနေတဲ့ ပေကျင်း၊ ရှန်ဟိုင်းနဲ့ အခြားနေရာတွေကို တင်ပို့ရောင်းချနေရတယ်လို့ ဆိုပါတယ်။

ဝပ်ရဲ့ကုမ္ပဏီ Aethaer က အင်္ဂလန်နဲ့ ဝေလလို နေရာတွေက လေတွေကို ဖန်ဘူးထဲထည့် ရောင်းနေတာပဲ ဖြစ်ပါတယ်။  

 “ကျနော်တို့ အမှာစာတွေ အများကြီးရထားပါတယ်။ တစ်မူထူးခြားတဲ့ လေထုအခြေအနေကြောင့် ဝယ်ယူကြတဲ့သူတွေပါ။ တစ်ခါတစ်လေမှာ တောင်ထိပ်မှာ ရောက်နေပြီး၊ တစ်ခါတစ်လေမှာ ချိုင့်ဝှမ်းထဲရောက်နေတဲ့လူတွေပါ”လို့ ဒီ ဝပ်က ၎င်း၏ ကုမ္ပဏီဝဘ်ဆိုက်တွင် လွှင့်တင်ထားသည့် ဗွီဒီယိုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီလေဖန်ဘူးတွေကို ဟောင်ကောင်ဈေးလမ်းတွေမှာ ရောင်းချနေတဲ့ ဝပ်က နှစ်သစ်ကူး အထူးလျှော့ဈေးအနေနဲ့ ဖန်ဘူး ၁၅ဘူးကို ကန်ဒေါ်လာ ၁၂၀၀၀နဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။

“သစ်တောမြေက သစ်ရွက်ကြိုကြား တိုးဝှေ့လာ၊ လျှိုမြောင်စမ်းချောင်းတွေကို ဖြတ်သန်းပြီး၊ ဓာတ်သတ္တုကြွယ်ဝတဲ့ ကျောက်ဆောင်တွေကို တိုးတိုက်လာတဲ့လေကို သဘာ၀ အော်ဂဲနစ်နည်းနဲ့ စစ်ထုတ် စုဆောင်းပြီး ဘူးသွင်းထားတာပါ”လို့ ကုမ္ပဏီရဲ့ ဝဘ်ဆိုက်မှာ ရေးသားထားပါတယ်။ ကုမ္ပဏီ စတင်တည်ထောင်ကတည်းက ယခုအချိန်အထိ လေဖန်ဘူး ၁၈၀ ရောင်းချရပြီးခဲ့ပြီလို့ ဆိုပါတယ်။

 “ပေကျင်း၊ ကျူဟဲ၊ ရှန်ဟဲနဲ့ အခြား ဆိုးဆိုးရွားရွား ညစ်ညမ်းနေတဲ့ နေရာတွေဟာ အကြောင်းရင်းတွေရှိကြပါတယ်။ ကျန်ကမ္ဘာကြီးရဲ့ အမှားအယွင်းကြောင့်ပဲဖြစ်ဖြစ်၊ တရုတ်ရဲ့ အပြစ်ကြောင့်ပဲဖြစ်ဖြစ် မြူခိုးမြူမှုန်တွေထဲမှာ နေထိုင်နေကြရတဲ့လူတွေ ရှိနေပါတယ်”လို့ ဝပ်က ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required