ကျူ းပြဿ နာဖြေရှင်းရေး ရန်ကုန်လွှတ်တော်သစ်ကြိုးပမ်းမည်

ကျူ းပြဿ နာဖြေရှင်းရေး ရန်ကုန်လွှတ်တော်သစ်ကြိုးပမ်းမည်
ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ပြန်လည်ကျင်းပသည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းလွှတ်တော်သို့ တက်ရောက်နေရာယူနေသည့် ကိုယ်စားလှယ်များကိုတွေ့ရစဉ်။ ဓါတ်ပုံ။ မျိုးသူအောင်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၉။          ။ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သည်ဟု ယူဆရသူများအရေးကို ဖြေရှင်းနိုင်ရန် ရန်ကုန်လွှတ်တော်သစ် အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်လွှတ်တော် ဥက္ကဋ္ဌသစ် ဦးတင်မောင်ထွန်းကမဇ္ဈိမကို ဖြေကြားသည်။

ဖေဖော်ဝါရီ ၈ရက်နေ့၊ ဒုတိယအကြိမ်ပြန်လည်စတင်သည့် ရန်ကုန်လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည့် ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးတင်မောင်ထွန်းက ဥက္ကဋ္ဌအဖြစ် ၎င်းတာဝန်ယူပြီး နောက်တစ်ရက်တွင် မဇ္ဈိမသို့ဖြေကြားခြင်းလည်းဖြစ်သည်။

"ကျူးကျော်ကိစ္စကို အမတ်တွေအားလုံးပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ လွှတ်တော်ကလည်း ပါတီခေါင်းဆောင် ရဲ့ ညွှန်ကြားမှုတွေ၊ ထုတ်ပြန်အသိပေးမှုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။" ဟု ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

ရန်ကုန်လွှတ်တော်မှ အမတ်များအပြင် တစ်နိုင်ငံလုံး၏ ၈၀ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ အပြင် ၎င်းတို့ကဖွဲ့စည်းမည့် အစိုးရအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ကာဖြေရှင်းမည်ဟု ဆိုသည်။

ကျူးကျော်ပြဿနာကို ဖြေရှင်းနိုင်ရေးကြိုးပမ်းမည်ဟု ရန်ကုန်လွှတ်တော်က ဖြေကြားသော်လည်း ဖြေရှင်း မည့်နည်းလမ်းကိုမူ ပြောကြားနိုင်ခြင်းမရှိသေးပေ။

 ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအရေးဖြေရှင်းဆောင်ရွက်ရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှကိုယ်စားလှယ်အချို့က တိုင်းအစိုးရကိုအဆိုတင်တွင်းတိုက်တွန်းခဲ့သော်လည်း မှတ်တမ်းအဖြစ်သာ ထားရှိနိုင်ခဲ့သည်။ ၂၀၁၀ရွေးကောက်ပွဲအပြီး ကျင်းပခဲ့သည့် ပထမအကြိမ်ရန်ကုန်တိုင်းလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီကနေရာအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းလွှတ်တော်အတွင်း ရွေးကောက်ခံကိုယ်စားလှယ်နေရာ ၉၀မှ ၈၇ နေရာအထိ NLD ပါတီ၏ ကိုယ်စားလှယ်များက ၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲတွင် ရွေးကောက်ခံအနိုင်ရရှိထားသည်။

NLD က ၂၀၁၅ရွေးကောက်ပွဲကြေငြာစာတမ်း၏ မြို့ပြဖွံ့ဖြိုးရေး ကဏ္ဍတွင်လည်း သဘာဝဘေးအန္တရာယ် ၊ စီးပွားရေး၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် အကြောင်းများကြောင့်လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့ လာသည့် အိုးမဲ့ ၊အိမ်မဲ့ ဖြစ်နေသူများ ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံးအကောင် အထည်ဖေါ်မည်ဟု ဂတိပြုထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်နေထိုင်သည်ဟု ယူဆရသူဦးရေမှာ တစ်သိန်းကျော်အထိရှိနေပြီး မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ကျူးကျော်များကို ရန်ကုန်တိုင်းအစိုးရက ဖျက်သိမ်းခြင်းများပြုလုပ်နေသည်။

ကျူးကျော်များကို ဖျက်သိမ်းနေခြင်းထက် ၎င်းတို့၏အရေအတွက်စာရင်းများကိုစနစ်တကျကောက်ယူပြီး၊ ယာယီနေထိုင်နေရေးစီစဉ်ပေးခြင်း၊ ယင်းမှတစ်ဆင့် အမှန်တစ်ကယ်အိုးပိုင်အိမ်ပိုင်မရှိသည့် ကျူးကျော်နေ ထိုင်သူများ စနစ်တကျနေထိုင်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်း၊ ကုမ္ပဏီများကပူးပေါင်းနည်းလမ်းရှာ ဖြေရှင်းပေးရန်လိုအပ်သည်ဟု မြို့ပြအင်ဂျင်နီယာပညာရှင်များက မဇ္ဈိမကို အကြံပြုပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required