ဂျာမန်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံရန် ဝင်းဒိုးရှော့ပင်းအဆင့်သာရှိသေးဟု ဂျာမန်သံအမတ်ပြော

ဂျာမန်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံရန် ဝင်းဒိုးရှော့ပင်းအဆင့်သာရှိသေးဟု ဂျာမန်သံအမတ်ပြော
(ဓာတ်ပုံ-ဟောင်ဆာ ရာမည)

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး နှင့် သီးသန့် အင်တာဗျူး (ပထမပိုင်း)

ဂျာမန်မြန်မာဆက်ဆံရေး၏ ရှည်ကြာသောသမိုင်းကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီးများ အကြောင်း၊ လာမည့်အစိုးရသစ်အပေါ် မျှော်လင့်ချက်များအကြောင်းများကို ဂျာမန်သံအမတ်ကြီး ခရစ်ရှန်လုဒ်ဝစ် ဝက်ဘာလော့ချ် (Mr. Christian-Ludwig Weber-Lortsch) နှင့် မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်က ဖေဖော်ဝါရီ ၁ရက်တွင် တွေ့ဆုံမေးမြန်းထားသည်။

မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုလွှမ်းမိုးထားတဲ့ လွှတ်တော်အသစ် ဒီနေ့စပြီ။ ဒီတော့ လွန်ခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေအပေါ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တွေအပေါ် သံအမတ်ကြီးဘယ်လိုမြင်ပါသလဲခင်ဗျ။

ဂျာမန်သံအမတ်ကြီး။ ။ ဟုတ်ကဲ့ လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်အတွင်း အပြောင်းအလဲအတော်များများ ကျနော်မြင် ခဲ့ရပါတယ်။ အပြောင်းအလဲတွေအများကြီးတွေ့ခဲ့ပါတယ်။ ကျနော်ဒီနိုင်ငံကို စရောက်တဲ့ ပထမဆုံးနေ့ကို အခုထိ မှတ်မိနေပါသေးတယ်။ အင်တာနက်ဆက်သွယ်လို့မရခဲ့ပါဘူး။ ခုတော့ လူတိုင်းလက်ထဲမှာ စမတ်ဖုံးတွေနဲ့ ဖြစ်နေပါပြီ။ ဒါဟာနည်းပညာပိုင်းသက်သက် ဖုံးအလုံးတွေသက်သက် ပြောင်းလဲခဲ့တာမဟုတ်ပါဘူး။ အပျော့ထည်အပိုင်းပါ ပြောင်းလဲခဲ့တာပါ။ ပထမအနေနဲ့ လွတ်လပ်တဲ့ကြားဖြတ်ရွေးကောက်ပွဲတွေရှိခဲ့တယ်။ နောက်တော့ လွတ်လပ်မျှတတဲ့ အထွေထွေရွေးကောက်ပွဲကြီး ပေါ်ပေါက်ခဲ့တယ်။ ဒီရလဒ်ဟာ အပြောင်းအလဲအတွက် လုပ်ပိုင်ခွင့်ပေးလိုက်တာပဲလို့ ကျနော်ထင်ပါတယ်။ အလုံးစုံပါဝင်တဲ့ အပြောင်းအလဲ အားလုံးပါဝင်တဲ့ အပြောင်းအလဲအတွက် လုပ်ပိုင်ခွင့်ပေးလိုက်တာပါ။ မြန်မာပြည်သူလူထုကို ဘယ်သူ့ကိုမဲပေးပါလို့ ကျနော်တို့ဘယ်တုန်းကမှမပြောခဲ့ပါဘူး။ ဒါကျနော်တို့ကိစ္စမဟုတ်ပါဘူး။ လွတ်လပ်မျှတတဲ့   ရွေးကောက်ပွဲဖြစ်အောင်တော့ ကျနော်တို့ နဲနဲပါးပါး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။ အခုတော့ လုပ်ပိုင်ခွင့်ကြီးကြီးမားမားရထားတဲ့ အနိုင်ရပါတီပေါ်လာပါပြီ။ ပထမပိုင်းမြင်တွေ့ရချက်တွေက အားရစရာကောင်းပါတယ်။ ကျနော်ပြောခဲ့သလိုပါပဲ၊ ဒီလုပ်ပိုင်ခွင့်ဟာ အားလုံးပါဝင်တဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ ခုထိမြင်ရသလောက် အမည်စာရင်းတင်သွင်းထားမှုတွေကိုကြည့်ရင် ရှုံးနိမ့်သွားတဲ့ ပါတီကလည်းပါတယ်၊ တိုင်းရင်းသားပါတီကလည်းပါတယ်၊ ဒါတွေဟာအားရစရာ အစချီချက်လို့ပဲ ကျနော်ပြောချင်ပါတယ်။

မဇ္ဈိမ။ ဂျာမန်မြန်မာဆက်ဆံရေးဟာ အလွန်ရှည်လျားတဲ့ နှစ်ပေါင်း ၅၀ ကျော် သမိုင်းကြောင်းရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်လှုပ်ရှားမှုကာလ ကာလတိုလေးကလွဲရင် ဆက်ဆံရေးလည်း ဒီနှစ်တွေအတွင်း အလွန်ကောင်းခဲ့ပါတယ်။ ဂျာမန်မြန်မာဆက်ဆံရေးသမိုင်းကိုပြန်ကြည့်ရင် နှစ်နိုင်ငံအကြား စစ်တပ်ချင်း စစ်လက်နက် ကုန်သွယ်ရေးလည်းရှိခဲ့ပါတယ်။ ဂျာမန်မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ သံအမတ်ကြီး ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဂျာမန်သံအမတ်ကြီး။ ဒီဆက်ဆံရးက ခင်ဗျားထင်တာထက် ပိုရှည်ကြာပါတယ်။ သံတမန်အဆက်သွယ်ရှိခဲ့တာ ၆၂ နှစ်ရှိပါပြီ။ ဒုတိယအချက်အနေနဲ့ပြောရရင် သမိုင်းအဖြစ်အပျက်တွေကနေ ကျနော်တို့ရှောင်ပြေးလို့မရပါဘူး။ ဒါ သိပ်ကိုရိုးစင်းတဲ့အချက်ပါ။ မတူတဲ့သမိုင်းကာလမှာ ကျနော်တို့ဆက်ဆံရေးသမိုင်းကြောင်း အစပြုခဲ့ပါတယ်။ ကိုလိုနီခေတ်ကာလတွေတုန်းက တိုက်တာခိုက်တာတွေရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး မကြာမီမှာပဲ ကမ္ဘာကြီးရဲ့အခြေအနေက ပြောင်းသွားပါပြီ။ မှန်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံနဲ့ အလွန်နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။   မြန်မာနိုင်ငံရဲ့စက်မှုကဏ္ဍကို ကူညီတည်ဆောက်ပေးခဲ့ပါတယ်။ ကျနော့်အထင်ပြောရရင် ဖွံ့ဖြိုးရေးအတွက် ပေးခဲ့တဲ့အကူအညီတွေထဲမှာ ဂျပန်ပြီးရင် ကျနော်တို့က ဒုတိယအများဆုံးပါပဲ။ ပြီးတော့ စက်မှုလုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေးမှာ အတော်ကြီးမားတဲ့မိတ်ဖက်နိုင်ငံပါ။ ၁၉၈၈ ခုနှစ်လောက်အထိ ယခင် ကာလတွေတုန်းက စစ်တပ်နဲ့အလွန်နီးစပ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။   မြန်မာစစ်တပ်အရာရှိကြီးတွေကို ဟမ်းဘတ်မှာရှိတဲ့ ကျနော်တို့စစ်တက္ကသိုလ်မှာ သင်တန်းတွေပေးခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း စိတ်မကောင်းစရာ အဖြစ်အပျက်တွေ   ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာတော့ တရားဝင်ဆက်ဆံရေးမရှိတော့ပါဘူး။ ဒါပေမဲ့ ဘယ်တုန်းကမှ မြန်မာပြည်ကို ကျနော်တို့ပစ်မထားခဲ့ပါဘူး။ သံရုံးကိုထားမြဲအတိုင်း ဆက်ထားခဲ့ပါတယ်။ ဒီကာလတွေအတွင်း ကျနော်တို့လုပ်နိုင်သမျှ လုပ်ပေးခဲ့ပါတယ်။ ဒီအတိုင်းပဲဆက်လုပ်ခဲ့ပြီး ကျနော်ရောက်လာတဲ့ ၂၀၁၁ကစလို့ ဥရောပရဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်းဆိုင်းငံ့ထားလိုက်ပြီး ခုတော့ ရုပ်သိမ်းလိုက်ပါပြီ။ စီးပွားရေး၊ ယဉ်ကျေးမှု နဲ့ အခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ပြန်လည်လုပ်ဆောင်နိုင်ပါပြီ။ စစ်တပ်ဆိုတာလည်း လူ့အဖွဲ့အစည်းအတွင်းအရေးပါတဲ့ ထောက်တိုင်ကြီးတတိုင်ဖြစ်တာကြောင့် စစ်တပ်ချင်းဆက်ဆံရေးကလည်း အရေးပါတယ်လို့ ကျနော်ထင်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံကိုတစုတည်းရှိနေစေပြီး တည်ငြိမ်မှုရှိနေအောင်ပါ။ စစ်တပ်ချင်း ဆက်ဆံရေးကို တဆင့်ချင်းပြန်တည်ဆောက်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အနာဂတ်မှာ စစ်သံမှူးထားနိုင်လိမ့်မယ်လို့လည်း ကျနော်မျှော်လင့်ပါတယ်။ ခုတော့မရှိသေးပါဘူး။ တချို့အစီအစဉ်တွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဂျာမဏီနိုင်ငံ ပြန်လည်ပေါင်းစည်းရေးလိုကိစ္စမျိုးဟာ အလွန်ကိုဆွေးနွေးစရာကောင်းတဲ့ကိစ္စပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျနော်တို့နိုင်ငံကိုလည်း ခုလိုပဲ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်တွေကိုလည်း ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေကို လုံးဝပြန်လည်ပေါင်းစည်းသွားအောင် ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလို နိုင်ငံရေးအတွေ့အကြုံတွေကို ဒီနိုင်ငံမှာကျနော်တို့ပြန်လည်ဝေငှဖြည့်ဆည်းပေးနိုင်ပါတယ်။

မဇ္ဈိမ။ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးအကြောင်းပြောတဲ့အခါ ပညာရေးနဲ့ယဉ်ကျေးမှု အခန်းကဏ္ဍတွေကရော ဘယ်လိုရှိပါသလဲ၊ မြန်မာနိုင်ငံမှာ ဒီအကြောင်းအရာနှစ်ခုကို ခိုင်မာအောင်လုပ်ဖို့ ခင်ဗျားရဲ့မူဝါဒကရော ဘယ်လိုရှိပါသလဲ။

ဂျာမန်သံအမတ်ကြီး။ မှန်ပါတယ်။ ပညာရေးဟာ ကျနော်တို့ဆက်ဆံရေးမှာ အမြဲပဲအရေးပါပါတယ်။ ကျနော်တို့ ပညာသင်ဆုတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ကျနော်တို့မှာ မိခင်တက္ကသိုလ် အဖွဲ့အစည်းလည်းရှိပါတယ်။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က စခဲ့တဲ့အစီအစဉ်ပါ။ ဒီအဖွဲ့မှာ ကျနော်တို့ရဲ့ အကိုကြီးတွေ အမကြီးတွေ အခုထိစုစုစည်းစည်းရှိ နေတုံးပါ။ အခုပညာသင်ဆု အစီအစဉ်ကို ပြန်စခဲ့ပါပြီ။ ဒါပေမဲ့ ဒီတခါအစီအစဉ်က ပညာသင်ဆုသက်သက် မဟုတ်တော့ပါဘူး။ နှစ်လမ်းသွားအစီအစဉ်ပါ။ ပထမအဆင့်မှာ ကျောင်းသားတွေနဲ့ ကထိကတွေ မြန်မာပြည်ကိုလာပါမယ်။ တက္ကသိုလ်အဆင့်တွေမှာ အပြန်အလှန်ကျောင်းသားဆရာ လဲလှယ်ရေးအစီအစဉ်တွေရှိပါမယ်။ ဒီအတွက်လည်း လမ်းတွေလည်းရှိပါသေးတယ်။ ၁၉၆၄ ခုနှစ်ကပိတ်ခဲ့တဲ့ ဂိုထယ် (Gothe) အင်စတီကျုကိုကျနော်တို့ ပြန်ဖွင့်ထားပါပြီ။ ဂျာမန်သမ္မတမြန်မာပြည်လာတဲ့အချိန်ကပြန်ဖွင့်ပေးခဲ့တာပါ။

တက္ကသိုလ်ပရဝုဏ်တွေကိုလည်း ရိုးရာဟန်အတိုင်းပြင်ဆင်နေပါတယ်။ သမိုင်းဝင်အဆောက်အဦတွေကိုလည်း ပြင်နေပါတယ်။ ဒါဟာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တရပ်ပါပဲ။ ဒီနေရာဟာ မြန်မာရုပ်ရှင်သမားတွေ၊ အနုပညာရှင်တွေ၊ ပန်းချီဆရာတွေ၊ ဂီတပညာရှင်တွေအတွက်လည်း ဆုံဆည်းရာနေရာ စင်မြင့်တခုလည်းဖြစ်ပါတယ်။ ဘာသာစကား သင်တန်းတွေလည်း   ပေးနေပါတယ်။ အဲဒီနောက်တော့ သာမန်လူထုဆီရောက်မယ့် အစီအစဉ်တွေလုပ်နိုင်ဖို့ ကျနော်တို့ကြိုးစားသွားပါမယ်။ ရုပ်သံကတဆင့် ပို့ချမယ့် ပညာရေးအစီအစဉ်တွေ၊ ပိုမို ကျယ်ပြန့်တဲ့ပရိသတ် အထူးသဖြင့် လူငယ်ထုဆီရောက်မယ့် မီဒီယာသစ်တွေလည်း လုပ်ဖို့ရှိပါတယ်။ ကျနော်တို့ရဲ့ ဒွိုက်ချ်ဝဲလ်ရုပ်သံ (Deutche Welle TV) အစီအစဉ်နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်တွေလည်းရှိပါတယ်။ ဒီမှာ အဓိကကျနော်တို့ရဲ့ ပါဝင်ကူညီဖြည့်ဆည်းပေးမှုကြီးဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။

မဇ္ဈိမ။ မြန်မာသတင်းသမားတွေကို သံအမတ်ကြီး တက်တက်ကြွကြွကူညီခဲ့တာနဲ့ပတ်သက်လို့ အခုလို အခွင့်အရေး ရတုန်း ကျေးဇူးတင်ကြောင်း ကိုယ်တိုင်ကိုယ်ကျပြောချင်ပါတယ်။ ကျနော် နားလည်သလောက် စွမ်းရည်မြှင့်တင်ရေးနဲ့ ကျနော်တို့နိုင်ငံကအမျိုးသမီးအရင်းအမြစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီခဲ့တာပါ။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးအစီအစဉ်နဲ့ပတ်သက်လို့ သံအမတ်ကြီးဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်မှုတိုးမြှင့်ရေးအတွက် သံအမတ်ကြီးတို့ ဘယ်နေရာတွေမှာ ပါဝင်လုပ်ကိုင်နေပါလဲ။

ဂျာမန်သံအမတ်ကြီး။ ခင်ဗျားက သတင်းသမားတွေအတွက် ကျွမ်းကျင်မှုသင်တန်းတွေအကြောင်းပဲ ပြောသွားတယ်။ ဒီသင်တန်းဟာ ဆက်တိုးချဲ့နေပြီး အရေးကြီးတဲ့သင်တန်းလို့ ကျနော်ထင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်လည်း အနည်းနဲ့အများဆိုသလို ရလာပြီဆိုတော့ ပိုကျွမ်းကျင်တဲ့ သတင်းသမားဖြစ်ဖို့လည်း လိုလာတာပေါ့။ ဖွံ့ဖြိုးရေးအကူအညီ အစီအစဉ်တွေမှာ ဒီလုပ်ငန်းအပြင်   ရေရှည်တည်တံ့မယ့် စီးပွားရေးဖွံ့ဖြိုးမှုအတွက်လည်း ကျနော်တို့ အဓိကထားလုပ်နေပါတယ်။ သက်မွေးဝမ်းကျောင်းသင်တန်းတွေ ကိုယ်တိုင်ကိုယ်ကျပေးနေသလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုလည်း သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်လို့ အကြံပေးနေပါတယ်။

အလားတူပဲ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက်လည်း စူးစိုက်လုပ်ကိုင်နေပါတယ်။ ဒီလိုပါပဲ ကျနော်တို့ရဲ့ ကျွမ်းကျင်ပညာ ရှင်တွေက အစိုးရကိုဥပဒေပြုရေးနဲ့ ပတ်သက်လို့ အကြံပေးနေပါတယ်။ ကျနော်တို့ကိုယ်တိုင်ခြေချနိုင်လုပ်နိုင် တာကတော့ ရှမ်းပြည်နယ် တောင်ကြီးမှာပါ။ အဲဒီမှာ စိုက်ပျိုးရေးစီမံကိန်းတချို့ လုပ်နေပါတယ်။ အပြောမဟုတ်ဘဲ တကယ်လုပ်နေပါတယ်။ ဒီလုပ်ငန်းဟာ အတော်အကျိုးရှိမယ်။ အထောက်အကူဖြစ်မယ်လို့ကျနော် ထင်ပါတယ်။ ကျနော်တို့မှာ

နောက်ထပ်တတိယမဏ္ဍိုင်တခုလည်းရှိပါသေးတယ်။ အဲဒါက ဘဏ္ဍာရေးသင်တန်းတွေအတွက် အကူအညီပေးနေတာပါ။ အဓိကရည်ရွယ်ချက်ကတော့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ဘဏ္ဍာရေးဈေးကွက်ကိုရောက်လာဖို့ ဘဏ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေရစေဖို့ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ငွေလွှဲလက်မှတ်ဆိုတာ ဘာလဲဆိုတာရှင်းပြတာ၊ စာရင်းကိုင်ပညာရဲ့အခြေခံတွေ သင်ပေးတာ စသဖြင့်ပေါ့။ ဒါတကယ့်ကို အလွန်လက်တွေ့ကျတယ်လို့ထင်ပါတယ်။ ဖွံ့ဖြိုးရေးအပိုင်းမှာဆိုရင်လည်း အခု ကျနော်တို့ ကျေးလက်ဒေသအထိရောက်နေပါပြီ။ လမ်းတွေဖောက်နေပါတယ်။ ဝေးလံခေါင်ဖျားအရပ်က လူတွေ အချင်းချင်းဆက်သွယ်မိဖို့က အရေးကြီးပါတယ်။ ကျေးလက်မီးရရှိရေးလို အခြေခံအဆောက်အအုံ လုပ်ငန်းတွေလည်းလုပ်နေပါတယ်။

မဇ္ဈိမ။ ဘဏ္ဍာရေးစနစ်အကြောင်း သံအမတ်ကြီးကပြောတော့ အခုလုပ်နေတဲ့ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဘဏ်စနစ်မှာ လုပ်နေတာတွေကို ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဂျာမန်သံအမတ်ကြီး။ ဟုတ်ကဲ့။ ပထမဆုံးပြောရရင် ကျနော်ထင်တယ် ခင်ဗျားဘယ်ကလာသလဲဆိုတာ စပြောရမယ်ထင်တယ်။ ဒီကဘဏ်မှာ ကျနော်ပထမဆုံးအကြိမ် ရောက်သွားတော့   ငွေသားနဲ့ပဲအပ်နှံပေးချေ လုပ်ကိုင်နေတာ တွေ့ရတယ်။ စာရင်းရေး စာရင်းကိုင်လုပ်ငန်းကလည်း စာအုပ်တွေနဲ့ပဲလုပ်နေကြတုန်းပဲ။ ကွန်ပျူတာဆိုလို့ တလုံးမှမတွေ့ဘူး။ အခုတော့တဖြေးဖြေး   ပြောင်းလဲလာပါပြီ။ ဗဟိုဘဏ်ကလည်း ပထမဆုံးအနေနဲ့ အတော်လေး လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လာပါပြီ။ ဘတ်ဂျက်ကလည်း သာမန်ပြည်သူတွေ အရင်ကထက်ပိုသိနိုင်တဲ့ ဘတ်ဂျက်မျိုး အနည်းနဲ့အများဆိုသလို ပွင့်လင်းမြင်သာတဲ့ ဘတ်ဂျက်မျိုးဖြစ်လာပါပြီ။ ခင်ဗျားဆီကငွေတွေ ဘယ်လိုကောက်ယူတယ်။ ဒီငွေတွေကို ဘယ်လိုသုံးနေတယ်ဆိုတာ သိနိုင်လာပါပြီ။ ဒါဟာကြီးမားတဲ့ တိုးတက်မှုပါ။ သဘာဝသယံဇာတတွေကို စီမံခန့်ခွဲဖို့ကလည်း အရေးကြီးပါတယ်။ အရင်ထက်စာရင်တော့ ပိုပြီး ပွင့်လင်းမြင်သာလာပါပြီ။ နိုင်ငံတကာစံနဲ့ကြည့်ရင်တော့ ရိုးရိုးသားသားပြောရရင် ကွာဟချက်ရှိနေတုန်းလို့ ကျနော်ထင်ပါတယ်။ ဒီနေ့ခေတ်ကမ္ဘာကြီးဟာ အလွန်အမင်း ချိတ်ဆက်မိလာနေပါပြီ။ အထူးသဖြင့် ဘဏ်လုပ်ငန်းမှာပါ။ ဒီတော့ ဘဏ်နဲ့ပတ်သက်တဲ့ သင်တန်းတွေပေးဖို့ လိုပါတယ်။ ဒါပေမဲ့ သင်တန်းနဲ့တော့ပြီးမှာမဟုတ်ဘူး။ နိုင်ငံရေးဆုံးဖြတ်ချက်တွေလည်း လိုသေးတယ်။ ဗဟိုအင်စတီကျူးရှင်းတွေကို ဘယ်လောက်ထိ လွတ်လပ်ခွင့် ပေးမလဲ၊ နိုင်ငံခြားက လာတဲ့သူတွေကို  ဘယ်လောက်ထိ ယှဉ်ပြိုင်ခွင့်ပေးမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေ လိုသေးတယ်။ ဆုံးဖြတ်ချက်ချဖို့က ထွေပြားတော့ခက်ပါတယ်။ ကျနော်တို့လို နိုင်ငံခြားသားတွေကတော့ ကျွမ်းကျင်မှုနဲ့နည်းလမ်းတွေပဲပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေကို သုံးဖို့ကတော့ နိုင်ငံရေးအရ ဘယ်လိုရလဒ်မျိုးလိုချင်သလဲဆိုတာကြည့်ပြီး တိုင်းပြည်တပြည်ရဲ့ အစိုးရကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

မဇ္ဈိမ။ ကျနော့်အထင် ဂျာမန်ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံထဲ အလျင်စလိုဝင်တာ မတွေ့ရသေးဘူး။ မြန်မာ နိုင်ငံကိုလာဖို့အတွက် ဂျာမန်ရင်းနှီးမြှုပ်နှံမယ့်သူတွေ စိတ်ဝင်စားအောင် ဘာတွေလုပ်ပေးဖို့လိုမယ်လို့ထင်ပါ သလဲ။

ဂျာမန်သံအမတ်ကြီး။ အစကောင်းဘို့အတွက် လူတွေတော်တော်များများ လုပ်ကြတာက လာမယ်၊ ကြည့်မယ်၊ လေ့လာမယ် ဒါပါပဲ။ မဝယ်ဘဲနဲ့ လျှောက်ကြည့်ရုံပဲကြည့်သလိုပေါ့။ စီးပွားရေးကောင်းလာပြီဆိုရင်တောင် အတော်များများက တကယ်တမ်းငွေသုံးတာ ရင်းနှီးမြှုပ်နှံတာ လုပ်သေးတာမဟုတ်ဘူး။ ဘာလို့လဲ။ ပထမဆုံးအချက်က ဒီကိုလာတဲ့ ကျနော်သိတဲ့ စီးပွားရေးသမားအားလုံး မြန်မာပြည်မှာစီးပွားရေးလုပ်ရင် ဘာအားသာချက်ရှိလဲ ဘာအားနည်းချက်ရှိလဲ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးတဲ့အလုပ်ကိုလုပ်တာပဲ။ မလေးရှားတို့ အင်ဒိုနီးရှားတို့ ဗီယက်နမ်တို့ အစရှိသဖြင့် ကုန်ကုန်ပြောရရင် တရုတ်နိုင်ငံနဲ့တောင်ယှဉ်ပြီး ဒီမှာလုပ်ရင် ဘာသာသလဲဆိုတာ အရင်ကြည့်တာပဲ။

ဒီမှာက အခက်အခဲအတားအဆီးအချို့က ရှိနေတုံးပဲ။ ဘာလို့လဲဆိုတော့ တံခါးပိတ်စီးပွားရေးနဲ့ အကြာကြီး အထီးကျန်နေခဲ့တော့ အဲဒီစနစ်ရဲ့ အကြွင်းအကျန်တွေကရှိနေတုံးပဲ။ အဲဒီအကြောင်းတွေပြောပါရစေ။ ဥပဒေမူဘောင်က တကယ်ကျေနပ်စရာမရှိသေးဘူး။ ဗျိူရိုကရေစီကြိုးနီစနစ်ကရှိတုံးပဲ။ လုပ်ရတဲ့လုပ်ငန်း အဆင့်ဆင့်လုပ်ထုံးလုပ်နည်းတွေက အလွန်ရှည်ကြာရှုပ်ထွေးတယ်။ နောက်ဆုံးကျတော့ စရိတ်ကကြီးသွား ရော။ အကြောင်းအမျိုးမျိုးရှိပါတယ်။ လစာကိစ္စကမထောင်းတာပေမဲ့ အခန်းငှားခ ရုံးခန်းငှားခတွေဈေးကြီး တယ်။ စွမ်းအင်ဈေးကြီးတယ်။ ကုန်ပစ္စည်းတွေ တင်သွင်းတာ အပြင်ပြန်ထုတ်တာအကုန်ဈေးကြီးတယ်။

ဥပမာပြရရင် ကုန်ထုတ်လုပ်ငန်းဆိုပါတော့ ကုန်ကြမ်းကဒီမှာဝယ်လို့မရဘူး။ အပြင်ကတင်သွင်းရမယ်။ ဒီတော့ ဒီမှာလာပြီး ပစ္စည်းထုတ် ပြည်တွင်းမှာပဲပြန်ရောင်းမယ့်သူအတွက်   ဖြန့်ချိရေး လိုင်စင်လိုလာပြီ။ သာမန်အားဖြင့်ဆိုရင် နိုင်ငံခြားသားက ဒီလိုင်စင်မရနိုင်ဘူး။ အနည်းစုပဲဒီလိုလိုင်စင်ရှိတာ။ ဒီတော့ စရိတ်ကတက်သွားတာပေါ့။ အချိန်ကာလကိုလိုက်ပြီး ကြည့်ပုံကြည့်နည်းကလည်း ရှိသေးတယ်။ ၁၉၆၀ ခုနှစ်တွေနဲ့ ၁၉၇၀ ခုနှစ်တွေမှာ သူများတွေလုပ်ခဲ့သလိုမျိုး ခင်ဗျားလိုက်လုပ်လို့မရဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံကိုကြည့်ရင် ကံကောင်းတယ်ပြောရမှာပေါ့။ အစောပိုင်းအဆင့်မှာ သူတို့က စက်မှုနိုင်ငံဖြစ်ခဲ့ပြီ။ တကမ္ဘာလုံးက အလုပ်သမား ခ သက်သာတာကိုလိုက်ရှာနေကြတာ။ အခုခေတ်မှာ အလုပ်သမားခသက်သာတဲ့ နိုင်ငံတွေကအများကြီး။ ပို အရေးကြီးတာက ထုတ်လုပ်နိုင်စွမ်းပဲ။ အခုခေတ်မှာ ထုတ်လုပ်မှုပုံစံအသစ်တွေပေါ်လာပြီ။ ပြောရရင် အချက်အလက်ဒေတာတွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းပြီး လုပ်တဲ့ခေတ်ကို ကျနော်တို့ရောက်နေပြီ။ ဒီနည်းနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်နေကြပြီ။ ဒီတော့ ဒီအချက်က တကမ္ဘာလုံးမှာဖြစ်နေပြီး သိပ်ကိုအရေးကြီးတယ်။

အဆုံးသတ်ကျတော့ဘာဖြစ်လဲ။ အချက်အလက်ဒေတာတွေက ခင်ဗျားလက်ထဲမှာ ဒီမှာရှိတယ်။ ဒါတွေကို တခြားတနေရာရာမှာ ထုတ်လုပ်မယ်။ ဆိုပါစို့ ပုံနှိပ်တာ ပရင့်ထုတ်တာဆိုပါစို့။ လုပ်သားအင်အား ကလည်း လိုနေတုန်းပါပဲ။ ဒီနိုင်ငံထဲမှာ အလုပ်အကိုင်ရှိနေဖို့လိုပါတယ်။ တချို့စက်မှုလုပ်ငန်းတွေ အခြေအနေ ကောင်းပါ တယ်။ ကျနော်တို့ဆီက အတော်များများ ဒီမှာဘဲ ထုတ်လုပ်နေကြတယ်။ အထည်ချုပ်လုပ်ငန်းတွေ၊ အက်ဒီးဒတ်စ်လိုကုမ္ပဏီအကြီးကြီးတွေ ဒီမှာပဲ အားကစားဖိနပ်တွေထုတ်နေကြတယ်၊ ဂျာမဏီက လက်လီလုပ်ငန်းကုမ္ပဏီအကြီးကြီးတွေ ဒီမှာပဲ ပစ္စည်းထုတ်နေကြတယ်။ ဒီတော့စိတ်ဝင်စားမှုက အထိုက်အလျောက်ရှိပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပိုကောင်းလာဖို့ ကျနော်တို့မျှော်လင့်ပါတယ်။

မဇ္ဈိမ။ မြန်မာနိုင်ငံဟာ အနာဂတ်မှာ ဂျာမန်ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာကောင်းတခုဖြစ်လာနိုင်သလား။

ဂျာမန်သံအမတ်ကြီး။ သေချာပါတယ်။ ဒီလိုဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ဘယ်လိုပြောရမလဲ။ ဒါက မယ်ရွေးပွဲလိုပဲလေ။ ဘယ်သူကပိုသာတယ်ဆိုတာ အိမ်နီးချင်းအားလုံးနဲ့ နှိုင်းယှဉ်စဉ်းစားမှာပဲ။ ဒီနိုင်ငံမှာက အားသာချက်တွေ ရှိပါတယ်။ ဈေးကွက်ရှိတယ်။ ဈေးကွက်အကြီးကြီးရှိတယ်။ ဒီမှာလိုနေတဲ့ထုတ်ကုန်တွေ အများကြီးရှိတယ်။ ကြီးမားတဲ့အခြေခံအဆောက်အအုံကနေ လူသုံးကုန်ထိဈေးကွက်ရှိတယ်။ ဈေးကွက်အကြီးကြီးရှိတယ်။ ကျနော် ဒါလူတိုင်းကိုပြောပါတယ်။ လူတိုင်းကိုပြောပါတယ်။ ဒါပေမဲ့ ယှဉ်ပြိုင်မှုကတော့ရှိတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြောရရင်ဗျာ အုပ်ချုပ်ရေးပိုင်းက လုပ်ထုံးလုပ်နည်းအပိုင်းတွေ အဆင့်တွေလျှော့လိုက်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အရေးအကြီးဆုံးက စီးပွားရေးသမားက လုံခြုံမှုရှိတာကိုကြိုက်တယ်။ သူတို့ကသေချာချင်တယ်။ ဒီနေ့လက်မှတ်ထိုးလိုက်တာဟာ နောက် ၁၀ နှစ်ကြာအထိ တည်တံ့နေတာ ခိုင်လုံနေတာကို သဘောကျတယ်။ နောက်တခုကတည်ငြိမ်မှု။ တည်ငြိမ်မှုဆိုတာ စီးပါွးရေးသမားတွေရဲ့ သည်းခြေကြိုက်စကားလုံးပဲ။ ကောင်းပါတယ်။ စီးပွားရေးရာသီဥတုကတော့ အတော်လေးတိုးတက်လာပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ တကယ်လုပ်ပြဖို့လိုပါတယ်။

မဇ္ဈိမ။ ဥရောပသမဂ္ဂ-မြန်မာရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ်မူကြမ်းအပေါ်ရော သံအမတ်ကြီး ဘယ်လို ထင်ပါသလဲ။

ဂျာမန်သံအမတ်ကြီး။ အလွန်ရှင်းလင်းတဲ့အဖြေပေးရရင် ဒါမျိုးကျနော်တို့လိုပါတယ်။ ဘာလို့လိုလဲလို့ ပြောရင် ဒီလို အကာအကွယ်ပေးတဲ့ သဘောတူစာချုပ်မရှိရင် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ခင်ဗျားတို့မရနိုင်ပါဘူး။ ဒါသိပ်ရိုးရှင်းပါတယ်။ တချို့အတွက်တော့ အခက်အခဲတွေရှိနေပါတယ်။ ဥပမာပြောရရင် ဖျန်ဖြေရေးခုံသမာဓိ အဆုံးအဖြတ်ကို လက်ခံဖို့လိုဟာမျိုးပေါ့။ လက်ရှိအခြေအနေအောက်မှာ ဒေသခံတရားရေးစနစ်ကိုလက်ခံပြီး ပြဿနာတွေဖြေရှင်းဖို့ဆိုတာ ဘယ်ကြီးမားတဲ့နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကမှ လက်မခံနိုင်ပါဘူး။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required