Grand Sport နှင့် ဧရာဝတီအသင်း တို့ တစ်ရာသီစပွန်ဆာ စာချုပ် ချုပ်ဆို

Grand Sport နှင့် ဧရာဝတီအသင်း တို့ တစ်ရာသီစပွန်ဆာ စာချုပ် ချုပ်ဆို
Grand Sport နှင့် ဧရာဝတီတို့ စပွန်ဆာစာချုပ် ချုပ်ဆိုနေစဉ်။ (ဓာတ်ပုံ- Khin Maung Tun)

ဖေဖော်ဝါရီ ၉၊ ရန်ကုန်။            ။ ၂၀၁၆ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ထိုင်းအားကစားပစ္စည်းကုမ္ပဏီ Grand Sport တို့ တစ်ရာသီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်။

ဧရာဝတီနှင့် Grand Sport တို့ချုပ်ဆိုခဲ့သောစာချုပ်အရ ဧရာဝတီအသင်းအနေဖြင့် Grand Sport အားကစားပစ္စည်းများကို ၂၅ရာခိုင်နှုန်းလျှော့ဈေးဖြင့်ဝယ်ယူခွင့်ရမည်ဖြစ်သည်။ “Grand Sport နဲ့ကျွန်တော်တို့က ၂၅ရာခိုင်နှုန်းလျှော့ဈေးနဲ့ဝယ်ယူခွင့်ကို တစ်ရာသီစာချုပ်လိုက်တာပါ။ လိုအပ်တဲ့ အားကစားပစ္စည်းတွေအားလုံးကို သူတို့ဆီကပဲဝယ်မှာပါ။ အသင်းအနေနဲ့ အကျီၤနဲ့ ရင်ဘတ်စပွန်ဆာအတွက် ထိုင်းနိုင်ငံကိုသွားပြီး ရှာဖွေဖို့ရှိနေပါတယ်။ ဒီရာသီအတွက်တော့မဟုတ်ဘူး။ နောက်နှစ်တွေအတွက်ပါ။”ဟု ဧရာဝတီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ကိုခင်မောင်ထွန်းကပြောသည်။

ဧရာဝတီအသင်းအနေဖြင့် Grand Sport နှင့်စပွန်ဆာစာချုပ်ပါအချက်အရ ကြော်ငြာဘေလ်ဘုတ်ကို အိမ်ကွင်းဖြစ်သော ပုသိမ်ကွင်းတွင်ထောင်ပေးရမည်ဖြစ်သည်။ ထိုင်းအားကစားပစ္စည်းကုမ္ပဏီ Grand Sport မှာ လက်ရွေးစင်ဘောလုံးအသင်းများအဖြစ် တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ မြောက်ကိုရီးယား စသည့်အသင်းများကို စပွန်ဆာပေးထားသလို  မြန်မာနေရှင်နယ်လိဂ် ကလပ်များဖြစ်သော ရန်ကုန်ယူနိုက်တက်၊ မကွေးအက်ဖ်စီ စသည့်အသင်းများကိုလည်း ဝတ်စုံစပွန်ဆာပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly