တာဝန်ကျေစပါး မရောင်း၍သိမ်းခံရသည့်လယ်ယာမြေကိစ္စဖြေရှင်းပေးရန် ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌသစ်ထံတိုင်ကြား

တာဝန်ကျေစပါး မရောင်း၍သိမ်းခံရသည့်လယ်ယာမြေကိစ္စဖြေရှင်းပေးရန် ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌသစ်ထံတိုင်ကြား
 ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ဖေဖော်ဝါရီ ၉ ။              ။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ပေါက်တိန်းကျေးရွာတွင် ၁၉၉၈ - ၉၉ခုနှစ်က တာဝန်ကျေ စပါးမရောင်း၍ တောင်သူ ၁၂ ဦးထံမှ လယ်မြေဧက ၁၀၀ကျော် သိမ်းဆည်းထားမှုအား ဖြေရှင်းပေးရန် ဖေဖော်ဝါရီ ၉ ရက်နေ့ကလွှတ်တော်ဥက္ကဌသစ်ဦးအောင်ကျော်ခိုင် ထံသို့တိုင်ကြားထားကြောင်း တောင်သူများကပြောကြားသည်။

"ကျွန်တော်တို့လယ်တွေကို တာဝန်ကျေစပါး မရောင်းလို့ဆိုပြီး၊လူတွေကို အချုပ်ထားတယ်၊ကျွန်တော်တို့ လယ်တွေကို ရ.ဝ.တ လူကြီးတွေသိမ်းယူတယ်၊အခု ရပ်ကျေးတိုင်တယ် မရဘူး မြို့နယ်ကို လယ်ယာမြေစီမံခန့်ခွဲရေး ကိုဆက်တိုင်ထားတယ်၊အခုထိ ဘာမှအကြောင်းမပြန်ဘူး"ဟု လယ်ယာမြေများသိမ်းဆည်းခံရမှုအား ၁၁ ဧကသိမ်းခံရသူ ဦးသိန်းထွန်းက ပြောသည်။

လယ်ယာမြေများပြန်ရရန် ထပ်ကြိုးစားသွားဖြစ်ကြောင်း၊လယ်မရှိ၍လုပ်ကိုင်စားသောက်ရသည်မှာ အခက်အခဲရှိနေကြောင်း၎င်း ကပြောသည်။

"မြောင်းမြ ခရိုင်ကိုသွားမေးတော့အယူခံဝင်ဖို့ပဲပြောတယ် နိုင်တာရှုံးတာကို အကြောင်းကြားစာလည်းမပို့ဘူးအခုထိ အဖြေမသိသေးဘူး"ဟု ပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဧရာဝတီတိုင်းတွင် လယ်ယာမြေအငြင်းပွားမှု ၃သိန်းကျော်ရှိနေကြောင်း ဒုတိယအကြိမ် လွှတ်တော်ပထမအကြိမ်အစည်းအဝေးတွင်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးစန်းမောင်က"အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌလုပ်တယ် လယ်စီမှာ ဘာဥပဒေမှမတတ်ပဲ အဲဒီအပေါ်မှာ တချို့က မသိတာပါတယ်၊တချိုက အဂတိလိုက်တာပါတယ်။"ဟု ပုသိမ်ဟိုတယ်တွင် ဇန်နဝါရီလက ကျင်းပသည့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကိစ္စအား ထည့်သွင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required