တသက၏ မူအရ ပုဒ်မ ၁၈ကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းမည်မဟုတ်ဟု တသက ကျောင်းသားများပြော

တသက၏ မူအရ ပုဒ်မ ၁၈ကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းမည်မဟုတ်ဟု တသက ကျောင်းသားများပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။              ။ တကသ၏ မူအရ ပုဒ်မ(၁၈)ကို အယုံအကြည်မရှိသဖြင့် အဆိုပါ ပုဒ်မဖြင့် စွဲဆိုထားသည့်အမှုများကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းသွားမည် မဟုတ်ကြောင်း တကသကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ပန်းဘဲတန်းအမှုမှာ ပန်းဘဲတန်းရဲမှူးကို ကျွန်တော်တို့ရှေ့နေတွေက ပြန်လှန်မေးခွန်းမေးပါတယ်။ နောက် ကျွန်တော်တို့ သုံးယောက်ကို ကျောက်တံတားက လာပြောပါတယ်။ ပုဒ်မ၁၈နဲ့ ကြသပတေးနေ့ ရုံးထုတ်မယ် ပြောတယ်။ ကျွန်တော်တို့ တကသရဲ့ မူအရ ပုဒ်မ၁၈ကို အယုံအကြည်မရှိတဲ့အတွက် အမှုရင်ဆိုင်မှာ မဟုတ်ဘူး" ဟု ကိုပိုင်ရဲသူက ပြောသည်။

ဖေဖော်ဝါရီ ၅ရက်ကလည်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) ခေါင်းဆောင် ဇေယျာလွင် ကမာရွတ်မြို့နယ်၌ ပထမအကြိမ် ရုံးထုတ်တွင် ငြိမ်းစုစီ ပုဒ်မ ၁၈ကို အယုံအကြည်မရှိ၍ တရားခွင်၌ ခုခံချေပမှု ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သေးသည်။

ယင်းအပြင် ကျောင်းသားများ၏ လိုအပ်ချက်ကို သိရှိကာ ဖြည်းဆည်းပေးရန် တာဝန်ရှိသူဟုလည်း အစိုးရသစ်ကို ကိုပိုင်ရဲသူက တောင်းဆိုလိုက်သေးသည်။

နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်းတို့ကို ဖေဖော်ဝါရီ ၉ရက်က ရန်ကုန်တိုင်း ပန်းဘဲတန်း တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလို ရဲမှူး ခင်မောင်ထွေးအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က ပန်းဘဲတန်းကိစ္စပေါ့၊ သိမ်ကြီးဈေးရှေ့မှာ ကိုဇေယျာလွင်တို့ ဟောပြောတဲ့ကိစ္စကို စစ်တာပါ။ တရားလို သက်သေ ရဲမှူး ဦးခင်မောင်ထွေးကိုစစ်တာပါ။ အဓိက ထွက်သွားတာကတော့ ကျောင်းသားတွေကို သူက သက်သက်ညှာညှာ ထိန်းသိမ်းတယ်၊ ထိန်းသိမ်းလို့မရဘဲ ဟောပြောပြီး ကျောက်တံတား ဘက်ထွက်သွားတယ်၊ နောက် ဟောပြောတဲ့ကိစ္စတွေက အစိုးရကိုအကြည်ညိုပျက်စေတယ်။ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်လို့ ထွက်တယ်။ နောက်ဘာပါလဲဆိုတော့ ဈေးသည်တွေ ဈေးဗန်းသိမ်းပြီး ထွက်ပြေးရတယ်၊ ကားပိုင်ရှင်တွေ ကားမောင်းထွက်ပြေးရတယ်လို့ထွက်တယ်၊ ခင်ဗျားအထောက်အထားပြဆိုတော့ မပြနိုင်ဘူး လို့ ထွက်ဆိုတယ်” ဟု ကျောင်းသားများ၏ ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

၎င်းတို့အထဲမှ ကိုဇေယျာလွင်မှာ  ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရသည့်အပြင် ပန်းဘဲတန်း၊ ကျောက်တံတား၊ ကမာရွတ်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတို့တွင်  ပုဒ်မ(၁၈)ဖြင့် ထပ်မံအမှုဖွင့် တရားစွဲ ဆိုခြင်း ခံထားရကြောင်းလည်း သိရသည်။

၎င်းတို့ (၃)ဦးအား ၂၀၁၅ခုနှစ် ဇွန်လ (၃၀)ရက်နေ့က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်စင်ပေးရေးနှင့် လွှတ် တော်တွင်းနေရာယူထားသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရေး သိမ်ကြီး ဈေးမှ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြမှုနှင့် ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ငြိုပျက်စေမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါအမှုအား ဖေဖေါ်ဝါရီလ(၂၃)ရက်နေ့တွင် ထပ်မံ ရုံးထုတ်ရန် ချိန်းဆိုခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁၁ရက်၌ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် စတင်ရုံးထုတ်မည်ဟု သိရသည်။

ဖေဖော်ဝါရီ ၅ရက်က တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နှင့် ဒဂုံတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသား ကိုထွန်းမင်းခန့်တို့အား ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် စစ်ဆေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required