အီရတ်နှင့် ဆီးရီးယားတွင် လေကြောင်း တိုက်ခိုက်မှုကို အဆုံးသတ်တော့မည်ဟု ကနေဒါ ကြေညာ

အီရတ်နှင့် ဆီးရီးယားတွင် လေကြောင်း တိုက်ခိုက်မှုကို အဆုံးသတ်တော့မည်ဟု ကနေဒါ ကြေညာ

အော့တဝါ၊ ဖေဖော်ဝါရီ - ၉ ။              ။ အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ် အကြမ်းဖက်အုပ်စုကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများကို အဆုံးသတ်ကာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဂျက်တိုက်လေယာဉ် ၆စင်းကို နိုင်ငံသို့ ပြန်လည်ခေါ်ယူတော့မည်ဖြစ်ကြောင်း ကနေဒါက ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး၏ ယင်းလုပ်ရပ်မှာ လူထုသဘောထားနှင့် ဖီလာဆန့်ကျင်နေသည်။ ရေတို စစ်ရေးနှင့် နယ်မြေအောင်နိုင်မှု များအတွက် ကောင်းသော်လည်း ဒေသခံများအတွက် ရေရှည် တည်ငြိမ်မှုအတွက်မူ မကောင်းဟုဆိုကာ လေကြောင်းတိုက်ခိုက်မှုကို အဆုံးသတ်ပစ်မည်ဖြစ်ကြောင်း ယမန်နှစ် ဥပဒေပြုရွေးကောက်ပွဲများမတိုင်မီ မဲဆွယ်ရာတွင် လစ်ဘရယ်ခေါင်းဆောင် ထရူးဒိုးက ကတိပြုထားခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလက ဂျကာတာနှင့် ဘာကီနာဖာဆိုတွင် အစ္စလာမ်အစွန်းရောက်များက ကနေဒါနိုင်ငံသား ၇ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက်ပိုင်းတွင် ကနေဒါနိုင်ငံသား သုံးပုံနှစ်ပုံက ဗုံးကြဲစစ်ဆင်ရေးကို ထောက်ခံရုံသာမကဘဲ၊ ထပ်မံရျ်ပင် တိုးချဲ့စေလိုသော ဆန္ဒရှိနေကြသည်။

ကနေဒါ၏ စစ်လေယာဉ်များ ရုပ်သိမ်းမှုကို သြစတြေးလျ၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျော်ဒန်၊ နယ်သာလန်၊ ဆော်ဒီ အာရေဗျ၊ တူရကီနှင့် ယူအေအီးတို့ပင် ပါဝင်နေသည့် အမေရိကန်ခေါင်းဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ကို ဆန့်ကျင်သည့် ထိုးနှက်ချက်တစ်ရပ်အဖြစ် ယူဆနေကြသည်။ သို့ရာတွင် ယခုအချိန်အထိ ကနေဒါမှာ ညွှန့်ပေါင်းတပ်ဖွဲ့သို့ စတုတ္ထမြောက် အကြီးမားဆုံး ထည့်ဝင်နေသည့် နိုင်ငံဖြစ်သည်။

အက်ဖ်-၁၈ အောနတ် ဂျက်တိုက်လေယာဉ်များကို ရုပ်သိမ်းလိုက်သော်လည်း အီရတ်မြောက်ပိုင်းတွင် ကာ့စစ်သွေးကြွများကို လေ့ကျင့်ပေးနေသည့် အထူးတပ်ဖွဲ့များ၏ အရေအတွက်ကိုမူ ၂၁၀အထိ သုံးဆ တိုးမြှင့်မည်ဖြစ်ပြီး၊ CC-150T Polaris ဆီဖြည့်လေယာဉ်နှင့် CP-140 Aurora ထောက်လှမ်းရေးလေယာဉ်မှာလည်း ညွှန့်ပေါင်းတပ်ဖွဲ့တွင် တစ်ခန်းတစ်ကဏ္ဍ ဆက်လက်ပါဝင်နေဦးမည်ဖြစ် သည်ဟု ကနေဒါကာကွယ်ရေးဝန်ကြီး ဟာဂျစ် ဆာဂျန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly