ချမ်းသာသည့်နိုင်ငံများတွင် အမွှာမွေးဖွားနှုန်း နှစ်ဆမျှ မြင့်တက်လာဟုဆို

ချမ်းသာသည့်နိုင်ငံများတွင် အမွှာမွေးဖွားနှုန်း နှစ်ဆမျှ မြင့်တက်လာဟုဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၉ ။           ။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမွှာမွေးဖွားမှုနှုန်းမှာ ဆယ်စုနှစ်လေးခုအတွင်း နှစ်ဆမြင့်တက်လာခဲ့သည်ဟု သုတေသီများက ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ပြောကြားခဲ့ပြီး တွဲဖက်ပါလာနိုင်သည့် ကျန်းမာရေး အန္တရာယ်များကိုလည်း သတိပေးလိုက်သည်။

အမေရိကန် လူဦးရေနှင့် ဖွံ့ဖြိုးမှုသုံးသပ်ချက် ဂျာနယ်တွင် ပုံနှိပ်ဖော်ပြလာသည့် အဆိုပါ သုတေသနအရ ၁၉၇၅ ခုနှစ်က မွေးဖွားမှုပေါင်း ၁၀၀၀ တွင် အမွှာမွေးဖွားမှုနှုန်းမှာ ၉.၅သာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် တွင် ၁၆.၉ အထိ ရှိလာခဲ့သောကြောင့် အမေရကန်ပြည်ထောင်စုတွင် နှစ်ဆနီးပါးမျှ မြင့်တက်လာခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဒိန်းမတ်နှင့် တောင်ကိုရီးယားတို့တွင်လည်း အလားတူ နှစ်ဆ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ဖန်ပြွန်သန္ဓေသားနှင့် သားအိမ်လှုံ့ဆော်ခြင်းကဲ့သို့သော သိပ္ပံနည်းပညာများ ထွန်းကားလာသည့် ၁၉၇၀နှစ်များနောက်ပိုင်းတွင် ဆေးပညာအကူ မျိုးပွားမှုများ တိုးပွားလာသောကြောင့် အမွှာမွေးဖွားမှုနှုန်း မြင့်မားလာခဲ့ရခြင်းဖြစ်သည်ဟု သုတေသီများက ပြောကြားသည်။

သို့ရာတွင် ထိုနည်းစနစ်များမှာ တစ်ကြိမ် ကိုယ်ဝန်ဆောင်စဉ်တွင်ပင် သန္ဓေသား အမြောက်အများကို ထုတ်လုပ်ပေးနိုင်ခြေလည်း ရှိနေသည်ဟု ဆိုသည်။ “အမွှာမွေးဖွားမှုနှုန်းက ဆက်ပြီးမြင့်တက်နေ ဦးမလားဆိုတာတော့ မသေချာပါဘူး။ ဒါပေမယ့် အခုနှုန်းကိုပဲ လူထုကျန်းမာရေး အကျပ်အတည်းလို့ မြင်နေကြပါပြီ”ဟု တွဲဖက်သုတေသနမှူးဖြစ်သည့် ပြင်သစ် လူဦးရေသုတေသန အင်စတီကျုမှ ဂီလက်စ် ပစ်ဆန်က ပြောကြားသည်။

ကိုယ်ဝန်ဆောင်ရသည့် မိခင်အတွက် အန္တရာယ်ကြီးမားရုံမက အမွှာကလေးများမှာ တစ်ယောက်တည်းမွေးသည့် ကလေးများထက် ကျန်းမာရေး ပျော့ညံ့အားနည်းလေ့ရှိကြသည်ဟု ဆိုသည်။

အမွှွာများမှာ များသောအားဖြင့် လမစေ့ဘဲ မွေးဖွားလေ့ရှိကြပြီး၊ ကိုယ်အလေးချိန် နိမ့်ကျကာ ကလေးဘဝတွင်ပင် သေဆုံးလေ့ရှိကြသည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် မိခင်လောင်းမှာ အသက်အရွယ် အားဖြင့် ကြီးရင့်နေပြီး၊ ငွေရေးကြေးရေး ပြည့်စုံအောင် (သို့မဟုတ်) ကလေးယူနိုင်လောက်သည့် အခြေအနေကို စောင့်ဆိုင်းနေကြရသောကြောင့်လည်း ဖန်ပြွန်သန္ဓေသားနှင့် အခြား နည်းစနစ်အကူ မျိုးပွားမှုများ မြင့်မားလာရခြင်းဖြစ်သည်ဟုလည်း သုတေသီများက ထောက်ပြသည်။

မိခင်များ ကလေးယူသည့် အသက်အရွယ်မှာလည်း အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၀ခုနှစ်က ၂၂.၇နှစ်အရွယ်ဖြစ်သော်လည်း ယခုလက်ရှိကာလတွင် ၂၆နှစ်နှင့် အထက်သို့ ပြောင်းလဲလာခဲ့ပြီဖြစ် သည်ဟု ဆိုသည်။

၁၉၇၀ခုနှစ်က အသက် ၃၅နှစ်နှင့် ၃၉နှစ်ကြား ပထမဆုံးကလေးကို မွေးဖွားသူအရေအတွက်မှာ အမျိုးသမီး ၁၀၀၀တွင် ၁.၇ယောက်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၁ယောက်နှုန်းအထိ ထိုးတက်မြင့်မားလာခဲ့သည်ဟု ဆိုသည်။

အမွှာမွေးဖွားနှုန်းမြင့်တက်မှုကို ကာကွယ်ရန်မှာ ကိုယ်ဝန်ဆောင်မှု တစ်ကြိမ်တွင် ပိုမိုနည်းပါးသော သန္ဓေသားကိုသာ ထည့်သွင်းပေးခြင်းလည်း ပါဝင်နေသည်ဟု သုတေသီများက အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required