ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ကြံ့ခိုင်ရေးအမတ်များ ရွေးချယ်ခံရ

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ကြံ့ခိုင်ရေးအမတ်များ ရွေးချယ်ခံရ

ချင်းမိုင်၊ ဖေဖော်ဝါရီ ၈ ။ ။ ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းလုံဆိုင်နှင့် ဦးစိုင်းအောင်မြတ်တို့ ရွေးချယ်ခံရသည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီမှ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းနှင့် သိန္နီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီတို့၏ အမည်စာရင်းများ တင်သွင်း၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က NLD တင်ရင် ထောက်ခံဖို့ပါ။ ဒါပေမဲ့ NLDက လူစာရင်းမတင်ပါဘူး။ မတင်တော့ မနေ့ ညက ကျနော်တို့ အစည်းအဝေးထိုင်ပြီး တင်လိုက်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ မရပါဘူး။ အရင် လူဟောင်းတွေ ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးက ဦးစိုင်းလုံစိုင်းနဲ့ ဒုဥက္ကဋ္ဌက ဦးစိုင်းအောင်မြတ်တို့ပဲ ရတယ်။ သူတို့ နှစ်ယောက်က အရင်က စက်မှုဝန်ကြီးချုပ်ပါ”ဟု SNLD ပါတီ၏ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

ဦးစိုင်းအောင်မြတ်သည် လက်ရှိ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဖြစ်သည်။

ရှမ်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်နေရာ အများဆုံး အနိုင်ရရှိခဲ့သော်လည်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌလောင်း အမည်စာရင်းကို တင်သွင်းခြင်း မရှိခဲ့သဖြင့် ဖေဖော်ဝါရီလ ၇ ရက်က SNLD ပါတီသည် အရေးပေါ် အစည်းအဝေးပြုလုပ်၍ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“သူတို့က စစ်တပ်နဲ့ ကြံ့ခိုင်ရေးနဲ့ ပေါင်းရင် အန်အယ်ဒီနဲ့ SNLD ပါတီထက် ပေါင်းတာထက် ပိုများတယ်။ အဲဒါကြောင့်ပါ။ ကျနော်တို့ကတော့ ယှဉ်ပြိုင် ငြင်းခုံ အဓိက ဖြစ်သွားတာပေါ့”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၃၁ ဦးရှိရာမှ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၃၅ ဦးရှိသည်။ ထိုအထဲမှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၃၂ ဦး၊ SNLD ပါတီက ၂၄ ဦး၊ NLDက ၂၁ ဦးနှင့် အခြား တအာင်း အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဝ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ စသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် ၁၉ ဦး အနိုင်ရရှိထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly