ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရခိုင်အမျိုးသားပါတီမှ အရွေးခံရ

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရခိုင်အမျိုးသားပါတီမှ အရွေးခံရ
(ဓာတ်ပုံ-ရခိုင်အမျိုးသားပါတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ။ ။ ယနေ့ကျင်းပသော ဒုတိယအကြိမ်၊ ပထမပုံမှန် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးချယ်ရာ ရခိုင်အမျိုးသားပါတီ ANP မှနှစ်ဦးစလုံး ရွေးချယ်ခံခဲ့ရသည်။

ဥက္ကဋ္ဌအဖြစ် ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦစံကျော်လှနှင့် ဒုဥက္ကဋ္ဌအဖြစ် ရသေ့တောင်မဲဆန္ဒနယ်မှ ဦးဖိုးမင်းက ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ရခိုင်အမျိုးသားပါတီအမှုဆောင် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာများကို ပါတီတွင်းမှာ မဲစနစ်ဖြင့် ရွေးချယ်ရာ ပုဏ္ဏားကျွန်း ဦစံကျော်လှက (၁၄) မဲ၊ ရသေ့တောင် ဦးဖိုးမင်းက (၈) မဲ ရရှိသောကြောင့် အဆိုတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးဦးလှမြင့်က ပြည်နယ်လွှတ်တော်တွင် ပါတီမှ နှစ်ဦးစလုံး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌရွေးခံရ၍ ဝမ်းသာပြီး ဝန်ကြီးချုပ်ရွေးချယ်ခံရရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရမည်ဟုဆိုသည်။

''ကိုယ့်ပြည်နယ်မှာ ကိုယ်ပါတီ၊ ကိုယ့်လူမျိုးရွေးခံရတာဝမ်းသာတယ် ကျေနပ်ပါတယ်။ ဝန်ကြီးချုပ် ရွေးခံရဖို့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ဆိုင်တယ်။ သမ္မတက ရွေးချယ်ရမယ်ဆိုတဲ့အတွက် ကျွန်တော်တို့မှာ ရွေးချယ်ခွင့်မှမရှိတာ။ NLD က ဦးညီပုလဲ ရခိုင်ပါဘဲ၊ ANP ဖြစ်မယ်ဆိုရင်ပိုပြီးဝမ်းသာတာပေါ့။'' ဟု ၎င်းက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး ပြည်နယ်အစိုးရ ဖွဲ့ခွင့်မရခဲ့ပါက အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က ကြေငြာချက်အမှတ် (၁/၂၀၁၆) ကိုထုတ်ပြန်ကြေညာထားသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်တွေမြို့တွင်ကျင်းပသော အမှုဆောင်အစည်းအဝေး၌ ထိုကြေညာချက်ကို ထပ်မံအတည်ပြုကြောင်း၊ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မဟာမိတ်ဆက်ဆံမှုကို ရပ်ဆိုင်းပြီး၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ဖြင့်သာ အခိုင်အမာ လက်တွဲ ဆောင်ရွက်ရန် ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်အမှတ် (၂/၂၀၁၆) ကို ထုတ်ပြန်ကြေငြာခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းရန် ကိုယ်စားလှယ် (၂၄) နေရာလိုအပ်သော်လည်း ရခိုင်အမျိုးသားပါတီက ပြည်နယ်ကိုယ်စားလှယ် (၂၂) နေရာနှင့် တသီးပုဂ္ဂလတစ်ဦးပူးပေါင်းမှု ကိုသာ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required