မန္တလေး၊ ဖေဖော်ဝါရီ ၈ ။ ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဖေဖော်ဝါရီလ ၈ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး လွှတ်တော် သဘာပတိ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ရွေးချယ်ခဲ့သည်။
လွှတ်တော်သဘာပတိ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့ကိုရွေးချယ်ရာတွင် လွှတ်တော်သဘာပတိအဖြစ် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းကျော်ဇော၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ဦးအောင်ကျော်ဦးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှဒေါက်တာ ခင်မောင်ဌေးတို့ကို ရွေးချယ်ခဲ့ပြီး ကတိသစ္စာပြုခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး မှ "ပြည်သူကတင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီလိုထမ်းရွက်တဲ့နေရာမှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအတိုင်း လုပ်သွားဖို့လိုပါတယ်။"ဟု ပြောသည်။
ပြည်သူက ရွေးချယ်တင်မြောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ ပူပေါင်းကာ တာဝန်ကျေကျေ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ထိုသို့တာဝန်ကျေစွာဆောင်ရွက်ကြမှသာလျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိမည်ဟုလည်း တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကိုပြောသည်။
"ကျွန်တော်တို့အနေနဲ့ လွှတ်တော်မှာ အဓိကဆောင်ရွက်သွားမှာကတော့ မြေယာအရေးလုပ်ပါမယ်။ အဲဒီအတွက်လည်း စာရင်းတွေကောက်ထားပါတယ်။"ဟု လွှတ်တော်အပြီးတွင် မီဒီယာများကိုပြောသည်။
အဆိုပါ ပထမပုံမှန်အစည်းအဝေး (ပထမနေ့)တွင် လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦးရာ ၇၆ ဦးစလုံးတက်ရောက်ခဲ့သည်။
ဒုတိယနေ့အဖြစ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။