လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဟောင်ကောင်အသင်းများ ယှဉ်ပြိုင်မည်

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဟောင်ကောင်အသင်းများ ယှဉ်ပြိုင်မည်
နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း။ (ဓာတ်ပုံ- MFF)

ဖေဖေါ်ဝါရီ ၈၊ ရန်ကုန်။          ။ မြန်မာနိုင်ငံတွင် ဇွန်လအတွင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအပါအဝင် စင်ကာပူ၊ ဗီယက်နမ်၊ ဟောင်ကောင် လက်ရွေးစင်ဘောလုံး အသင်းများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဇွန်လ ၃ရက်မှ ၅ရက်အထိ ရန်ကုန်မြို့၊သုဝဏ္ဏကွင်းတွင်ကျင်းပရန်လျာထားပြီး စင်ကာပူကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

“ပြိုင်ပွဲဝင်အသင်း လေးသင်းကတော့အတည်ဖြစ်ပါပြီ။ စင်ကာပူက တရားဝင်အကြောင်းပြန်ထားပြီး ကျန်တဲ့အသင်းတွေကတော့ နှုတ်အားဖြင့်သဘောတူညီမှုရထားပါတယ်။ ပြိုင်ပွဲကျင်းပမယ့်ရက်ကတော့ အာရှဖလားခြေစစ်ပွဲအခြေအနေကို ကြည့်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ယင်းလေးနိုင်ငံဘောလုံးပြိုင်ပွဲမှာ စင်ကာပူနိုင်ငံတွင်ကျင်းပမည့် မာလိုင်းယင်းဖလားပြိုင်ပွဲပျက်သွားသဖြင့် စင်ကာပူကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လေးနိုင်ငံပြိုင်ပွဲ တစ်ရပ်ကျင်းပရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကျင်းပမည်ဖြစ်ပြီး အနိုင်ရမည့်နှစ်သင်း ဗိုလ်လုပွဲကစားရမည်ဖြစ်ကာ ရှုံးသည့်နှစ်သင်း တတိယလုပွဲကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွငချီးမြှင့်မည့် ဆုကြေးနှင့် ပွဲစဉ်ဇယားကိုမူ ပြိုင်ပွဲကျင်းပရန်ရက်နီးချိန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကြေငြာမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly