အင်ဒိုနီးရှားတွင် ချက်အရက်ပုန်းများ သောက်သုံးရာမှ လူ ၂၆ ဦး သေဆုံး

အင်ဒိုနီးရှားတွင် ချက်အရက်ပုန်းများ သောက်သုံးရာမှ လူ ၂၆ ဦး သေဆုံး

ဂျကာတာ၊ ဖေဖော်ဝါရီ - ၈ ။             ။ အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်တွင် တရားမဝင်အရက်များကို သောက်သုံးရာမှ လူ ၂ ဒါဇင်ကျော် သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ပြောကြားခဲ့သည်။

သေဆုံးသူအများစုမှာ ယော့ယာကာတာမြို့၏ မြောက်ဘက်ရှိ မြို့ငယ်လေးတစ်မြို့ဖြစ်သော ဆလီမန်မှ လင်မယားနှစ်ယောက်ထံမှ အိမ်ချက်အရက်များကို ဝယ်ယူသောက်သုံးရာမှ သေဆုံးသွားခြင်းဖြစ် သည်ဟု ဆိုသည်။

‘သေဆုံးသူအများစုက ကျောင်းသားတွေပါ’ဟု ဆလီမန် ရဲတပ်ဖွဲ့အကြီးအကဲ ယူလီယန်တိုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့က ပထမဆုံးတစ်ယောက် သေဆုံးပြီး မရှေးမနှောင်းတွင် ဆက်တိုက် သေဆုံးမှုများဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။

လူပေါင်း ၂၂ဦးအထိ သေဆုံးအောင် အရက်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ချက်လုပ်ရောင်းချခဲ့သူ လင်မယားစုံတွဲကို ရဲက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ အခြား လူလေးယောက်မှာလည်း အခြားလူ တစ်ဦးရောင်းချသည့် အရက်ပုန်းကို သောက်သုံးကာ သေဆုံးသွားခဲ့သောကြောင့် ထိုလူကိုလည်း ရဲက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မွတ်စလင်အများစု နေထိုင်သော အင်ဒိုနီးရှားနိုင်ငံတွင် တရားမဝင်အရက်ပုန်းများ သောက်သုံးပြီး သေဆုံးရသည့် ဖြစ်ရပ်များမှာ ယခင်ကလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ်ကလည်း ဂျာဗားပြည်နယ်တွင် လူတစ်ဒါဇင်ကျော်ခန့်မှာ တရားမဝင်အရက်များ သောက်သုံးပြီး သေဆုံးသွားခဲ့သည်။

၂၀၀၉ခုနှစ်ကလည်း နိုင်ငံခြားသား ၄ယောက်အပါအဝင် လူ ၂၅ဦးမှာ မက်သနောခတ်ထားသည့် ဆီအုန်းဝိုင်များကို သောက်သုံးပြီးနောက် သေဆုံးသွားခဲ့ကြသည်။

ယမန်နှစ်က အင်ဒိုနီးရှားအာဏာပိုင်များက ဆိုင်သေးများအား အရက်ရောင်းချခွင့် ပိတ်ပင်ခဲ့ရာ ယမကာသမားများကို မှောင်ခိုအရက်ပုန်းဈေးကွက်သို့ ခြေဦးလှည့်သွားစေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required