ပိုက်နက်ကျူးလွန်မှုဖြင့် အင်န်အယ်လ်ဒီပါတီဝင်နှစ်ဦး နေပြည်တော်တွင် အမှုဖွင့်ခံရ

ပိုက်နက်ကျူးလွန်မှုဖြင့် အင်န်အယ်လ်ဒီပါတီဝင်နှစ်ဦး နေပြည်တော်တွင် အမှုဖွင့်ခံရ

နေပြည်တော်၊ ဇွန် ၂၆ ။        ။ မဲစာရင်းလိုက်လံကောက်ယူစဉ် ပိုင်နက်ကျူးလွန်မှုဖြင့် ပါတီဝင်နှစ်ဦး အမှုဖွင့်တိုင်ကြားခံထား ရကြောင်း ဇမ္ဗူသီရိမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌဖြစ်သူ ဦးဆွေက ဇွန် ၂၆ရက်၊ ညနေပိုင်းက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ဇွန် ၁၈ ရက်က ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲစာရင်းလိုက်လံကောက်ခဲ့သည့် ပါတီဝင်နှစ်ဦးမှာ မဲစာရင်းကောက်ယူအပြီး နှစ်ရက်အကြာတွင် ပိုက်နက်ကျူးလွန်မှုဖြင့် အမှတ် (၁)ရဲစခန်းတွင် အမှုဖွင့်ခံရခြင်းဖြစ်သည်။

တရားစွဲခံရသူနှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ရွှေကြာပင်ရပ်ကွက်၏ မဲစာရင်းစိစစ်ရေးကော်မ တီဝင် ဦးစိန်မောင်မြင့်နှင့် ရပ်/ကျေးဥက္ကဋ္ဌဖြစ်သူ ဦးတင်ဌေးတို့ ဖြစ်သည်။

“ဒုရဲအုပ်တင်စိုးက မနေ့ကညနေက ကျွန်တာ်တို့ရဲဘော်နှစ်ယောက်ကို လာပြီးတော့ တိုင်ထားပါတယ်။ ရဲစခန်းကို လာခဲ့ပါဆိုလို့ ကျွန်တော်အပါအဝင် ရဲစခန်းကို သွားပြီးတော့ ဒီနေ့ ထွက်ချက်သွားပေးတယ်” ဟု ဦးဆွေက ပြောသည်။

ပုဒ်မ ၄၄၇(ပိုက်နက်ကျူးလွန်မှု)ဖြင့် အမှုဖွင့်တိုင်ကြားသူမှာ ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်ရှေ့ မျက်နှာချင်းဆိုင် ရှိ သော်က ၇ လမ်း၊ အိမ်အမှတ် ၇၈၄ တွင် နေထိုင်သည့် ဦးသက်ထွန်းဦး ဖြစ်ပြီး မဇ္ဈိမ က  ၎င်းအား ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပေ။

အမှုဖွင့်ခံထားရသည့် ဦးစိန်မောင်မြင့်ကမူ “ကျွန်တော်တို့က သူတို့အိမ်ရှေ့ရောက်တယ်။ မဲစာရင်းစစ်ချင်လို့ အိမ်ထဲဝင်လို့ ရမလား မေးတယ်။ သူတို့က ရပါတယ်။ ဝင်ပါဆိုလို့ ကျွန်တော်တို့ဝင်ပြီး မဲစာရင်းကောက်တာပါ။ ကျွန်တော်တို့ ဘာမှကျူးကျော် ဝင်ရောက်ခြင်း မရှိပါဘူး”ဟု ပြောသည်။

အမှုဖွင့်တိုင်ကြားခဲ့သည့် ဦးသက်ထွန်းဦး၏ အိမ်တွင် မဲပေးပိုင်ခွင့်ရှိသည့် အသက် ၁၈နှစ် ပြည့်ပြီးသူ ၃ ဦး ရှိကြောင်း မဲစာရင်းကောက်ယူစဉ် စာရင်းပေးခဲ့သေးသည်ဟုလည်း ဦးဆွေက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ မဲစာရင်း မှန်ကန်ရေး အတွက် နိုင်ငံရေးပါတီများ ကူညီပေးရန် ယခုလ ၄ ရက် ရက်စွဲဖြင့် နိုင်ငံရေးပါတီများသို့ ပန်ကြားချက်အရ မဲစာရင်းများ လိုက်လံကောက်ယူနေခြင်း ဖြစ်သည်။

“ဘယ်ပါတီကိုပဲ မဲပေးပေး၊ အဓိက က ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် မနစ်နာစေဖို့ ကျွန်တော်တို့က မဲစာရင်းလိုက်ကောက်တာ”ဟု ဦးဆွေက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းသည် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေသည်ဟု ဝါရင့်အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယခု လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာ ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly