နိုင်ငံရေး မူဘောင်နှင့် ပတ်သက်ပြီး UNA နှင့် UNFC အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ကျင်းပ

နိုင်ငံရေး မူဘောင်နှင့် ပတ်သက်ပြီး UNA နှင့် UNFC အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ကျင်းပ

ချင်းမိုင် ၊  ဇွန်  ၂၆ ။      ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ်အခတ် ရပ်စဲပြီးနောက်ရေးဆွဲ မည်ဖြစ်သော နိုင်ငံရေး မူဘောင်နှင့်ပတ်သက်၍ တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်ရုံဆွေး နွေးပွဲ  နှစ်ရက်ကြာ ကျင်းပခဲ့သည်ဟု UNA အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောသည်။

ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ပြုလုပ်ခဲ့သော အလုံရုံဆွေးနွေးပွဲတွင် UNA အဖွဲ့ဝင် ၁၂ ဦးနှင့် UNFC အဖွဲ့ဝင် ၈ ဦးတို့ တက်ရောက်ခဲ့ပြီး UNFC ၏ မဟာမိတ်အဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် ၂၅ ဦးခန့် တက်ရောက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

UNA အဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး စိုင်းညွန့်လွင်က  “နိုင်ငံဆွေးနွေးပွဲအတွက် မူဘောင်တွေ ဆွေးနွေးတာပါ။ မူဘောင်ရရှိရေး ညှိနှိုင်းတာ။ ဒါကတော့ လွယ်လွယ် ကူကူနဲ့ ပြတ်ဖို့ မလွယ်သေးဘူး။ နောက် အဆင့်တွေ အများကြီးရှိသေးတယ်”ဟု မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး မူဘောင်ရေးဆွဲမည် ဖြစ်၍ ကြိုတင်ပြင် ဆင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြော သည်။

၎င်းက “တကယ်လို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီ ဆိုရင် နှစ်လအတွင်းကို နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကို ဆွဲရမယ် သဘောတူချက် ရှိတယ် ဆိုတော့ မူဘောင်ကို နှစ်လအတွင်း အားလုံး သဘောတူ အောင်ရေးဆွဲဖို့ မလွယ်ဘူး။ အခုက ကြိုပြီးတော့ ပြင်ဆင်ထားတာပေါ့နော်”ဟု  ပြောသည်။

ပြည်တွင်းမှ နိုင်ငံရေးပါတီ ၅၆ ပါတီနှင့် ဆွေးနွေးခဲ့သော နိုင်ငံရေးမူဘောင်နှင့် ပြည်ပမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးမူဘောင်များ တူညီရန် ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်ရုံ ဆွေးနွေးရခြင်း ဖြစ်သည်ဟုလည်း ဦးစိုင်းညွန့်လွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly