ဟိုချီမင်းမြို့အာဏာပိုင်များ သူတောင်းစားများအား အလုပ်ရှာပေး

ဟိုချီမင်းမြို့အာဏာပိုင်များ သူတောင်းစားများအား အလုပ်ရှာပေး

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့အာဏာပိုင်များက သူတောင်းစား ထောင်ပေါင်းများစွာအတွက် အလုပ်အကိုင်ရှာဖွေပေးပြီး ဘဝရပ်တည်ရေး ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး အချို့သော သူတောင်းများကို ဇာတိနယ်မြေများသို့ ပြန်ပို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

မြို့အား ကမ္ဘာ့လှည့်ခရီးသွားများ ပိုမိုနှစ်သက်မှုရှိစေရေးနှင့် သူတောင်းစားကင်းမဲ့မြို့အဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

ထိုအစီအစဉ်များမှ အကျိုးခံစားရရှိနေသည့် အမျိုးသမီးတစ်ဦးက လက်ရှိတွင် သူ့အနေဖြင့် နေထိုင်စားသောက်ရေးအတွက် တစ်လလျှင် ဗီယက်နမ်ငွေ ၄ သန်း(အမေရိကန်ဒေါ်လာ ၁၈၀) ခန့် ရရှိခံစားနေရပြီဖြစ်ကြောင်း ပြောသည်။

"အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရပါတယ်။ လစဉ် ပိုက်ဆံဝင်နေပါပြီ။ ကျွန်မဘဝက အရင်လောက် မကြမ်းတမ်းမခက်ခဲတော့ဘူး။"ဟု ၎င်းက ပြောသည်။

မြို့ထဲတွင် ၎င်း တောင်းစားလျက်ရှိသည်ကို တွေ့ရှိပြီး လူမှုကူညီရေးစင်တာတစ်ခုသို့ အာဏာပိုင်အဖွဲ့က ပို့ခဲ့ခြင်းဖြစ်သည်။ သူအား ရက်တိုသင်တန်းပေးပြီးနောက် အထည်ချုပ်ကုမ္ပဏီတစ်ခုတွင် အလုပ်သွင်းပေးသည်။

မြို့၏ အလုပ်သမား၊ နာမကျန်းသူနှင့် လူမှုကူညီပေးရေးဌာနမှ စာရင်းများအရ လူမှုကူညီပေးရေးစင်တာများက တစ်နှစ်တစ်နှစ်လျှင် သူတောင်းစားနှင့် အိုးမဲအိမ်မဲ့ပေါင်း ၂၀၀၀-၃၀၀၀ ဝန်းကျင် လက်ခံနေရကြောင်း သိရသည်။

စင်တာများက ရက်တိုသင်တန်းပေးသဖြင့် ၎င်းတို့အနေဖြင့် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်သွားကြသည်။ အခြားပြည်နယ်များမှ ရောက်ရှိနေသူများကို ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်ပို့လျက်ရှိသည်။ ဟိုချီမင်းမြို့က သူတောင်းစားများ၏ ၉၀ ရာခိုင်နှုန်းကျော်က အခြားပြည်နယ်များမှဖြစ်ကြောင်း လူမှုကူညီပေးရေးရုံးမှ အကြီးအကဲဖြစ်သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required