ဘာသာပေါင်းစုံလှှုပ်ရှားမှှုများဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း

ဘာသာပေါင်းစုံလှှုပ်ရှားမှှုများဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း
ရန်ကုန်ရှိ ဗလီတစ်ခုထဲတွင် ဦးဇင်းသုည ဆွမ်းဘုဉ်း ပေးနေစဉ်။(ဓာတ်ပုံ - ဦးဇင်းသုည Facebook)

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံဖြစ်သော်လည်း ခရစ်ယာန်ဘုရားကျောင်း နှင့် ဗလီများ အများအပြား တည်ရှိသည့် နိုင်ငံလည်း ဖြစ်သည်။ သို့ရာတွင် ထိုအချက်ကိုသာကြည့်၍၊ မြန်မာနိုင်ငံတွင် ဘာသာမတူသူများ အမြဲ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နေကြသည် ဟူ၍တော့ မဆိုနိုင်တော့ပါ။ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပွါးခဲ့သော ဘာသာရေး ပဋိပက္ခများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အနည်းဆုံး လူ ၂၄၀ သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

ဘာသာမတူသူများကြား နားလည်မှှု လွဲမှားခြင်းများသည် အမုန်းတရားကို မီးလောင်ရာ လေပင့်ပေးသလို ဖြစ်နိုင်ကာ၊ ထိုအမုန်းများသည် ဘာသာရေးအကြမ်းဖက်မှှုများဆီသို့ ဦးတည်သွားစေနိုင်သည်။ ဘာသာမတူသူများကြား နားလည်မှှုလွဲမှားခြင်းများကို လျော့ပါးစေမည့် နည်းလမ်းများအနက် တစ်ခုမှာ မေတ္တာတရားကို အခြေခံသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှှုပ်ရှားမှှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်သူ အရှင် ဇယဒိသ (ခေါ်) ဦးဇင်းသုညက မိန့်ကြားခဲ့သည်။

“၂၀၀၉ ခုနှစ်လောက်ကစပြီး မန္တလေး ပတ်ဝန်းကျင်က ဆင်းရဲသားရပ်ကွက်တွေမှာ လုပ်အားပေး ဆရာတွေစုပြီး အင်္ဂလိပ်စာ အခမဲ့သင်ပေးတယ်။ အဲဒီကနေ ၂၀၁၀ လောက်ကျတော့ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့သင်တန်းတွေ လိုက်တက်ရင်း တခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိလာတယ်။ ၂၀၁၁ လောက်ကျတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ စတက်ဖြစ်ခဲ့တယ်" ဟု ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ ဦးဇင်းသုညမှာ စာရေးဆရာ ဖေမြင့် ရေးသားထားသော "မဟာကရုဏာရှင်များ" စာအုပ်ထဲတွင် ပါဝင်သည့် ပုဂ္ဂိုလ်ကျော်များကို ငယ်စဉ်ကတည်းက အားကျခဲ့သူဖြစ်ပြီး ထိုစာအုပ်မှာ မာသာထရီဇာ၊ ဒေါက်တာအယ်လ်ဘတ်ရွှိုက်ဇာ၊ ဘွတ်ကာတီဝါရှင်တန် နှင့် အခြား ပုဂ္ဂိုလ်ကျော်များအကြောင်းကို ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်သည်။

ဦးဇင်းသုညသည် လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းရေးလှှုပ်ရှားသူ တစ်ဦးဖြစ်သည့် ကိုဟယ်ရီမျိုးလင်း နှင့် အတူ "The Seagull” (စင်ရော်) လူ့အခွင့်အရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့သည်။ အဖွဲ့၏ နာမည်ကို ကမ္ဘာကျော် ဝတ္ထုဖြစ်သည့် “Jonathan Livingston Seagull” (ယောနသံစင်ရော်) ဝတ္ထုမှနေ၍ စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း ကိုဟယ်ရီက ပြောပြခဲ့သည်။

“အရင်က ဘာသာပေါင်းစုံ(လှှုပ်ရှားမှှု) ဆိုရင်၊ မတူညီတဲ့ ဘာသာဝင်တွေရဲ့ ခေါင်းဆောင်တွေကိုဖိတ်ပြီး ဆွေးနွေးတာမျိုးတွေ၊ နောက်... ခေါင်းဆောင်တွေက နောက်လိုက်တွေကို တရားဟောတာတွေနဲ့ စလုပ်ခဲ့ကြတယ်။ အခုနောက်ပိုင်းမှာတော့ လူငယ်တွေကို ဘာသာရေးတွေအကြောင်း၊ ပညာရပ်ဆိုင်ရာ လေ့လာတာတွေ၊ လူ့အခွင့်အရေးနဲ့ conflict transformation အကြောင်းတွေကို ပညာပေးတာတွေ လုပ်လာကြတယ်" ဟု ကိုဟယ်ရီက ဆိုသည်။

လွန်ခဲ့သောနှစ်များအတွင်း ဘာသာရေး ပဋိပက္ခများ မကြာခဏ ဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှှုပ်ရှားမှှုများ လိုအပ်ကြောင်းနှင့် ပတ်သတ်၍ မွတ်စလင်တစ်ဦးဖြစ်သူ ကိုမိုးကျော်က "ဘာသာရေးကို ဘဝမှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် လက်ခံယူဆထားကြတဲ့ မြန်မာပြည်ထဲမှာ ဘာသာရေးကို အကြောင်းပြုပြီး အမုန်းမီးတိုက်နေသူတွေ ရှိလာတဲ့အခါ၊ ဘာသာရေးကို အကြောင်းခံပြီး ချစ်ခင်မှှုကို တည်ဆောက်တဲ့၊ ဖော်ဆောင်တဲ့ ဒီလှှုပ်ရှားမှှုတွေ လုပ်ဖို့လိုအပ်လာတယ်လို့ ယူဆပါတယ်" ဟု ဆိုခဲ့သည်။

သို့ရာတွင် အချို့က ဘာသာရေးပဋိပက္ခများမှာ နောက်ကွယ်မှ ကြိုးကိုင် ဖန်တီးသူ အနည်းငယ်၏ လက်ချက်သာ ဖြစ်ပြီး သာမန်လူများနှင့် မသက်ဆိုင်ကြောင်း၊ ထို့ကြောင့် သာမန်လူများအပေါ်သာ အကျိုးသက်ရောက်မှှု ရှိနိုင်မည့် ဘာသာပေါင်းစုံချစ်ကြည်ရေး လှှုပ်ရှားမှှုများမှာ အပေါ်ယံဆန်သော လှှုပ်ရှားမှှုများသာ ဖြစ်ပြီး ထိရောက်လိမ့်မည် မဟုတ်ဟု ဆိုကြသည်။

သို့သော် မြန်မာနိုင်ငံအတွင်း၌ သာမန် ဗုဒ္ဓဘာသာဝင် အချို့ နှင့် သာမန် မွတ်စလင်များအကြား အပြန်အလှန် မုန်းတီးမှှုများ၊ ထိတ်လန့်မှှုများနှင့် သံသယများ ရှိနေသည် ဆိုခြင်းမှာလည်း တကယ့် အရှိတရား တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စလင်များ အကြား အပြန်အလှန် ဆဲဆိုပုတ်ခတ်မှှုများကို လူမှှုကွန်ယက် စာမျက်နှာများပေါ်တွင် မကြာခဏ တွေ့မြင်နေကြရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး သဘောထားလည်း အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ထို မွတ်စလင်ဆန့်ကျင်ရေး သဘောထားမှာ မွတ်စလင်များအပေါ်သာမက အိန္ဒိယနွယ်ဖွားများ၊ မွတ်စလင်နှင့် ရုပ်သွင်တူသည်ဟု ထင်ခံရသူများ၊ မွတ်စလင်ဖြစ်သည်ဟု ကောလာဟလ ဖြန့်ခံရသူများအပေါ်ပါ ရိုက်ခတ်လာခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ မွတ်စလင်ဆန့်ကျင်ရေး သဘောထားမှာ ကမ္ဘောဒီးယားမှ စုံတွဲတစ်တွဲကိုပင် ရိုက်ခတ်ခဲ့သည်။ ထိုစုံတွဲမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်းတို့၏ မင်္ဂလာပွဲအကြို ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ရာ အချို့မြန်မာများက ထိုစုံတွဲထဲမှ အမျိုးသမီးမှာ မြန်မာအမျိုးသမီးဖြစ်ကာ အမျိုးသားမှာ မွတ်စလင်တစ်ဦးဖြစ်ကြောင်း မှားယွင်းထင်မြင်ခဲ့ကြပြီး ထိုစုံတွဲကို မြန်မာစာဖြင့် ဝိုင်း၍ ဆဲဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုနည်းတူစွာပင် မွတ်စလင်ဟု အထင်ခံရသော မြန်မာနိုင်ငံမှ နာမည်ကျော် ပုဂ္ဂိုလ်အချို့ နှင့် သာမန်ပုဂ္ဂိုလ်အချို့မှာလည်း စော်ကားမှှုများ၏ ပစ်မှတ်များ ဖြစ်ခဲ့ကြရကာ အချို့မှာ မွတ်စလင်မဟုတ်ကြောင်း ဖြေရှင်းခဲ့ကြရသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နာမည်ကျော် အဆိုတော်လင်းလင်းက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌၊ ရွေးကောက်ပွဲကိစ္စအတွက် “တောင်ကုတ်မြို့ အသွားလမ်းတွင် ဦးစိုးဝင်း နှင့် ကျွန်တော်လင်းလင်း အား အစ္စလာမ်ဘာသာဝင်ဟု သတင်းလွှင့်ထားသောကြောင့် လူအုပ်စုများ စောင့်ကာ အသက်အန္တရာယ် ရှိသောကြောင့် လှည့်ပြန်ရန် မြို့နယ်ထွေအုပ်က ပြောကာ၊ ရဲများ၊ အရပ်ဝတ်များ၊ ထွေအုပ်အဝတ်အစားများ နှင့် လူများမှ ပြောဆို၍ ပြန်လွှတ်ပါသည်” ဟု ရေးသားခဲ့သည်။ နောက်ပိုင်းတွင်မူ လင်းလင်းသည် ထိုမြို့ထဲသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝင်ရောက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကောလာဟလများကလည်း မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို ပိုမို အားကောင်းလာစေခဲ့သည်။ ဗလီများထဲသို့ မွတ်စလင်မဟုတ်သူများ ဝင်ရောက်ခွင့် မရှိကြောင်းနှင့် ဗလီများထဲတွင် လက်နက်များ ရှိကြောင်း အချို့သူများက စွပ်စွဲခဲ့ကြသည်။

ထိုကောလာဟလများနှင့် ပတ်သတ်၍ ငြိမ်းချမ်းရေး လှှုပ်ရှားသူ ဦးဇင်းသုညက "ဘာသာပေါင်းစုံရဲ့ ဘာသာရေးကျောင်းတွေကို ကလေးတွေနဲ့ လေ့လာရေးခရီး ခဏခဏ ထွက်နေတာပဲ။တစ်ခါမှ သူတို့ပြောသလို မတွေ့ဖူးပါဘူး။ ဆွမ်းစားချိန်ရောက်လို့ ဦးဇင်းက ဗလီထဲရောက်နေရင် သူတို့က ဆွမ်းကပ်လိုက်တာပဲ။ ကျောင်းရောက်နေလို့ သူတို့ ဗိုက်ဆာရင်လည်း ကျောင်းမှာရှိတာ စားလိုက်တာပဲ။ အားလုံး အေးဆေးပဲ။ ဘာမှ မသင်္ကာ ဖြစ်မနေဘူး။တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု အပြည့်ရှိကြပြီးသားပဲ" ဟု မိန့်ကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်တွင် "မေတ္တာနှင့် ခွင့်လွှတ်ချစ်ကြည်ကြစို့" ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ ထိုအခမ်းအနားတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဖြစ်ကြသည့် မြဝတီဆရာတော် နှင့် ဦးဇင်းသုည၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်နှစ်ဦး၊ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦးနှင့် ဟိန္ဒူဘာသာရေးခေါင်းဆောင် တစ်ဦးတို့ ပါဝင် ဟောပြောခဲ့ကြသည်။ ထိုအခမ်းအနားသို့ လူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။

ဦးဇင်းသုည နှင့် ကိုဟယ်ရီမှာ ပြည်တွင်း ဘာသာပေါင်းစုံ လှှုပ်ရှားမှှုများတွင် ပါဝင်လှှုပ်ရှားရုံသာ မကဘဲ ပြည်ပမှ တက်ကြွလှှုပ်ရှားသူများနှင့်လည်း ချိတ်ဆက်ကာ နိုင်ငံတကာ ဘာသာပေါင်းစုံ လှှုပ်ရှားမှှုများတွင်လည်း ပါဝင်ခဲ့သည်။

“၂၀၁၄ တုန်းက နီပေါမှာ တောင်အာရှနိုင်ငံက သင်တန်းသားတွေနဲ့ နှစ်ပတ်တိတိ သင်တန်းတက်၊ အမြင်တွေ ဖလှယ်ခဲ့ဖူးတယ်။ ၂၀၁၅ မှာ အင်ဒိုနီးရှားကို exchange programအနေနဲ့ ၁၀ ရက် သွားခဲ့ဖူးတယ်။ ၂၀၁၅ မှာပဲ ဘန်ကောက်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှရဲ့ ပထမဦးဆုံးသော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ ကွန်ဖရင့် ကို တက်ရောက်ခဲ့ပါတယ်။အဲဒီ ကွန်ဖရင့် ကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။အဲဒီ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်တွေ နှစ်နာရီ နီးပါးလောက် သီးသန့်တွေ့ဆုံခွင့်ရခဲ့ပါတယ်" ဟု ဦးဇင်းသုညက မိန့်ကြားခဲ့သည်။

ဘန်ကောက် ကွန်ဖရင့် အတွက် စီစဉ် ဖိတ်ကြားပေးခဲ့သူမှာ ဗြိတိန်နိုင်ငံသား လူ့အခွင့်အရေး လှှုပ်ရှားသူ Benedict Rogers ဖြစ်ကြောင်း နှင့် အင်ဒိုနီးရှား ခရီးစဉ်ကိုလည်း Benedict Rogers ကပင် စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ ယခုနှစ် မတ်လထဲတွင်လည်း exchange program တစ်ခု အဖြစ် အင်ဒိုနီးရှားမှ ငြိမ်းချမ်းရေး လှှုပ်ရှားသူများအား မြန်မာနိုင်ငံသို့ စေလွှတ်ရန် Benedict Rogers က စီစဉ်နေကြောင်း သိရသည်။ Benedict Rogers မှာ"Than Shwe – Unmasking Burma's Tyrant” (မြန်မာ့ အာဏာရှင်၏ မျက်နှာဖုံးကို ချွတ်ကြည့်ခြင်း) ဟူသည့် ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။

နိုင်ငံတကာ ကွန်ဖရင့်များ နှင့် ဘာသာပေါင်းစုံ လှှုပ်ရှားမှှုများမှနေ၍ များစွာ သင်ယူနိုင်ခဲ့ကြောင်းလည်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ "ကွန်ဖရင့် တွေကနေ ရခဲ့တာကတော့ အများကြီးပဲ။ အဓိကတော့ တောင်အာရှနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ ဖြစ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေအကြောင်း၊ သူတို့ရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအကြောင်း စသဖြင့် အများကြီးပဲ။ ကိုယ့်ဘဝမှာ တစ်ခါမှ မကြားဖူးသေးတဲ့ ယုံကြည်မှု ပုံစံတွေ နဲ့ ဘာသာတွေအကြောင်းရယ်၊ဗုဒ္ဓဘာသာဆိုပေမယ့် တစ်နိုင်ငံရောက်သွားရင် ပုံစံတစ်မျိုးဖြစ်နေတာတွေကိုရယ် ထူးထူးခြားခြား ကြုံခဲ့ရပါတယ်။ ထူးခြားတာကတော့ ဘယ်ရောက်ရောက် မြန်မာနိုင်ငံအကြောင်း အားလုံးက စိတ်ဝင်တစား မေးခွန်းထုတ်ကြတာပဲ" ဟု ဦးဇင်းသုည က မိန့်ခဲ့သည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှှုပ်ရှားမှှုများအား ထောက်ခံကြသူများထဲမှ အချို့ကမူ လှှုပ်ရှားမှှုများ၏ ထိရောက်မှှုအတိုင်းအတာ နှင့် ပတ်သတ်၍မူ သံသယ ဝင်နေကြသည်။ ကိုမိုးကျော်က "ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်တဲ့သူတွေဟာ သူတို့အချင်းချင်းကြားမှာပဲ ပတ်လုပ်နေရသလို ဖြစ်ပြီး အဲဒီလို ဘာသာပေါင်းစုံ ပွဲတွေကို တကယ်တမ်း အမုန်းတရား ရှိနေသူတွေ၊ အမုန်းတရား လှှုံ့ဆော်သူတွေက မလာကြဘူးဗျ" ဟု ဆိုခဲ့သည်။

သို့ရာတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှှုပ်ရှားမှှုများကြောင့် အပေါင်းလက္ခဏာ ဆန်သော ရလဒ်များ ထွက်ပေါ်လာခဲ့သည်မှာလည်း ထင်ရှားပါသည်။ မတူသော ဘာသာများမှ ဘာသာဝင်များအကြား နားလည်မှှု လွဲမှားခြင်းများသည် ပြဿနာ အများအပြားကို ဖြစ်ပေါ်လာစေနိုင်ရာ ဘာသာမတူသူများအကြား ချစ်ကြည်ရေး နှင့် အပြန်အလှန် နားလည်မှှုကို မြှင့်တင်ပေးမည့် ဘာသာပေါင်းစုံလှှုပ်ရှားမှှုများ လိုအပ်နေပေသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှှုပ်ရှားမှှုများ၏ အကျိုးကျေးဇူးအချို့နှင့် ပတ်သတ်၍ ဦးဇင်းသုညက "ကိုယ့်ကြောင့် သူတို့တွေ ...ဘာသာမတူသူတွေ... စိတ်သက်သာရာရခဲ့ကြတယ်။ တချို့ဘာသာခြား ကလေးတွေဆိုရင် ဦးဇင်းကို သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်လိုပဲ သတ်မှတ်ထားသူတွေလည်း ရှိတယ်။တချို့ကိစ္စတွေမှာ ဘာသာတူချင်း ပြောတဲ့စကားထက် ဦးဇင်းရဲ့ စကားကို ပိုပြီး အလေးအနက်ထားတာမျိုးကိုလည်း မကြာခဏ ကြုံဖူးတယ်။ သူတို့ ဘာသာခြား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ကြားထဲကနေ အောင်အောင်မြင်မြင်နဲ့ ဝင်ရောက် ဖြေရှင်းပေးခဲ့ဖူးတယ်။ဗုဒ္ဓဘာသာအကြောင်းကိုလည်း သူတို့ ပိုနားလည်လာပြီး ပိုလေးစားလာကြတယ်" ဟု မိန့်ကြားခဲ့သည်။

ငြိမ်းချမ်းရေး လှှုပ်ရှားနေစဉ်တွင် ဦးဇင်းသုညသည် အခက်အခဲများ နှင့်လည်း ကြုံတွေ့ခဲ့ရသည်။ "မက်ဆေ့ပို့ပြီး ခြိမ်းခြောက်တာတို့၊ နောက်ပြီး ဖေ့စ်ဘွတ်ခ်မှာဆိုရင် ခြိမ်းခြောက်တာတွေ ဘာတွေ ရှိတယ်" ဟု ဦးဇင်းသုညက မိန့််ခဲ့သည်။

ဘာသာပေါင်းစုံ အခမ်းအနားများ ကျင်းပကြပုံနှင့် ပတ်သတ်၍ ပြောကြရာတွင် ငြိမ်းချမ်းရေး၊ လူမှှုရေး နှင့် နိုင်ငံရေး လှှုပ်ရှားမှှုများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ဦးညီညီကျော်က၊ ခမ်းနားလှသော ဟိုတယ်ကြီးများတွင် ကျင်းပကြသည့် ပွဲများထက် ရိုးရှင်းသောပွဲများကိုသာ ပိုမိုနှစ်သက်ကြောင်း ဆိုခဲ့သည်။ "ပွဲဆန်တဲ့ တင်ဆက်မှှုကြီးတွေ၊ ဦးနေဝင်းခေတ်က အော်ပရာဆန်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကြီးတွေလို မလုပ်ဘဲနဲ့ တကယ်ငြိမ်းချမ်း ချစ်ကြည်ချင်ရင် အတူတကွ အလုပ်လုပ်တာမျိုးတွေ၊ ခရီးသွားတာမျိုးတွေ၊ လူမှှုသင်းဖွဲ့ ဖွဲ့ကြတာမျိုးတွေ ဒါမျိုးတွေကို ပိုပြီးတော့ ဖြစ်စေချင်ပါတယ်" ဟု ပြောခဲ့သည်။

မကြာမီတွင် မြန်မာနိုင်ငံ၌ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပြီး ဘာသာရေး ပဋိပက္ခ ပြဿနာမှာ မြန်မာနိုင်ငံ၏ အနာဂတ် အတွက် ကြီးမားသော စိန်ခေါ်မှှု တစ်ရပ် ဖြစ်လာနိုင်သည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အစွန်းရောက်အင်အားစုများ အတန်အသင့် အားကောင်းနေဆဲဖြစ်ရာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှှုများကို ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှှုပ်ရှားမှှုများက ဘယ်လောက် ဆောင်ကြဉ်းပေးနိုင်လိမ့်မလဲ ဆိုသော မေးခွန်းနှင့်ပတ်သတ်၍ ခန့်မှန်းရ ခက်နေသေးသည်။

မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး လှှုပ်ရှားမှှုများကို လိုအပ်နေပါသည်။ တင်စား၍ ပြောရမည်ဆိုလျှင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွါးခဲ့သော မြန်မာနိုင်ငံသည် ရေနစ်နေသူ တစ်ဦး ဆိုပါက ဘာသာပေါင်းစုံငြိမ်းချမ်းရေး လှှုပ်ရှားမှှုများမှာ ရေနစ်နေသူမြန်မာနိုင်ငံ အားကိုးတကြီး ဆွဲကိုင်ရမည့် ကောက်ရိုးမျှင် တစ်မျှင် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly