ဆောက်သမ်းကစားသမားများ ခြေစွမ်း တတိယတန်းအဆင့်သာရှိဟု နည်းပြချုပ် သုံးသပ်

ဆောက်သမ်းကစားသမားများ ခြေစွမ်း တတိယတန်းအဆင့်သာရှိဟု နည်းပြချုပ် သုံးသပ်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၅)တွင် ရတနာပုံနှင့်ဆောက်သမ်းအသင်းတို့ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ- ရတနာပုံ)

ဖေဖော်ဝါရီ ၇၊ ရန်ကုန်။             ။  မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ဆောက်သမ်းမြန်မာအသင်းနည်းပြချုပ် ဦးမြလွင်က အသင်းကစားသမားများ၏ခြေစွမ်းမှာ   မြန်မာနေရှင်နယ်လိဂ်တွင် တတိယတန်းစားအဆင့်တွင်သာရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဆောက်သမ်းအသင်းမှာ ပြီးခဲ့သည့် ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ်-၂မှ မြန်မာနေရှင်နယ်လိဂ်သို့ တန်းတက်လာသောအသင်းဖြစ်ပြီး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်အဖွင့်ငါးပွဲတွင် ငါးပွဲစလုံးရှုံးနိမ့်ထားပြီး သွင်းဂိုး တစ်ဂိုးသာရထားသည်။

“ကျွန်တော့်အသင်းမှာ ကစားသမားအများစုက ပင်ကိုယ်အရည်အသွေးမရှိပါဘူး။ မြန်မာနေရှင်နယ်လိဂ်က အခြားအသင်းတွေနဲ့ယှဉ်ရင် တတိယတန်းစားအဆင့်လောက်မှာရှိပါတယ်။ ၂၀၀၉ခုနှစ်မှာ အသင်းစဖွဲ့ကတည်းက ကစားသမားတွေက တတိယတန်းအဆင့်ကစားသမားတွေပါ။ ဒါပေမယ့် ဒီလူစာရင်းနဲ့ပဲတန်းမဆင်းရအောင်ကြိုးစားရမှာပါ။”ဟု ဦးမြလွင်ကပြောသည်။

ဆောက်သမ်းမြန်မာအသင်းမှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင်ကျင်းပသည့် ၂၀၀၉မှ ၂၀၁၀ ဘောလုံးရာသီအထိသာ နိုင်ငံခြားသားကစားသမားများအသုံးပြုခဲ့ပြီး ၂၀၁၁မှ လက်ရှိ ၂၀၁၆ ဘောလုံးရာသီအထိ ပြည်တွင်းကစားသမားများဖြင့်သာ နှစ်စဉ်ပြိုင်ပွဲဝင်နေသောအသင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ရလဒ်များဆိုးရွားနေသည့်အတွက် ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် နိုင်ငံခြားသားကစားသမား ခေါ်ယူသုံးစွဲရန် စီစဉ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required