တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှု အမေရိကန်နှင့် အခြားနိုင်ငံများက မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချ

တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှု အမေရိကန်နှင့် အခြားနိုင်ငံများက မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချ

ဆိုးလ်၊ ဖေဖော်ဝါရီ-၇ ။          ။ အာကာသအတွင်းသို့ ဂြိုဟ်တုတစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့သည်။

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်ကို ပစ်လွှတ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ပြောကြားခဲ့သကဲ့သို့ အမေရိကန်ပြည်ထောင်စု ကလည်း ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေသည့် ရန်စသောလုပ်ရပ်အဖြစ် ပြစ်တင် ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယားက ဂြိုဟ်တုတစ်စင်းကို ကမ္ဘာပတ်လမ်းအတွင်းသို့ လွှတ်တင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သော်လည်း ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော အခြားနိုင်ငံများကမူ ဂြိုဟ်တု လွှတ်တင်မှုမှာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ရန်အတွက် ဟန်ပြသက်သက်သာဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ မြောက်ကိုရီးယားက ယမန်လကလည်း ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲခဲ့သေးသည်။

သို့ရာတွင် အမေရိကန် ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးကမူ ဒုံးပျံမှာ အာကာသအတွင်းသို့ ဦးတည်သွားပြီး လမ်းကြောင်းအရ အမေရိကန်နှင့် မဟာမိတ်များကို ခြိမ်းခြောက်နေခြင်း မရှိဟု ပြောကြားခဲ့သည်။  

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ဖေဖော်ဝရီလ ၇ရက်နေ့တွင် ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးကို အရေးပေါ် ခေါ်ယူခဲ့သည်ဟု အမေရိကန် အကြီးတန်းအရာရှိက စီအင်အင်သို့ ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယား အမျိုးသား လုံခြုံရေးကောင်စီကလည်း အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်ဟု ဆိုသည်။

ဒုံးပျံကို နံနက် ၉:၃၀အချိန်တွင် ပစ်လွှတ်ခဲ့ရာ တောင်စူးစူး ပင်လယ်ဝါဘက်သို့ ဦးတည်သွားသည်ဟု အမေရိကန်အရာရှိက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးပျံပစ်လွှတ်မှုကို အမေရိကန်အာဏာပိုင်များနှင့် တောင်ကိုရီးယားခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ “ဒါဟာ တစ်လကျော်ကာလအတွင်းမှာ ကိုရီးယား ကျွန်းဆွယ်ကိုသာမက ဒေသတွင်းနဲ့ အမေရိကန်ပြည်ထောင်စုကိုပါ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ ဒုတိယမြောက် ရန်စတဲ့ လုပ်ရပ်ပါ”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို စိန်ခေါ်ထိပါးနေသည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားက နောက်ထပ် မည်သို့ ရန်စလာဦးမည်ကို မသိနိုင်သောကြောင့်   ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ရန် အစိုးရတွင် အစီအစဉ်ရှိနေဖို့ လိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးက ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly