ဆော်ဒီက ဆီးရီးယားသို့ မြေပြင်တပ်များစေလွှတ်လျှင် အခေါင်းများဖြင့် ပြန်ထွက်သွားရလိမ့်မည်ဟု ဆီးရီးယားနှင့် အီရန်က သတိပေး

ဆော်ဒီက ဆီးရီးယားသို့ မြေပြင်တပ်များစေလွှတ်လျှင် အခေါင်းများဖြင့် ပြန်ထွက်သွားရလိမ့်မည်ဟု ဆီးရီးယားနှင့် အီရန်က သတိပေး

ဒမတ်စကတ်၊ ဖေဖော်ဝါရီ-၇ ။            ။ မြောက်ပိုင်း အလက်ပိုပြည်နယ်တွင် မရှုမလှ ရှုံးနိမ့်မည့်အရေးနှင့် ရင်ဆိုင်နေရသော ဆုတ်ခွာနေရသည့် ဆီးရီးယားသူပုန်များကို ထောက်ခံသည့်အနေဖြင့် တပ်များစေလွှတ်ရန် အစီအစဉ်မှန်သမျှကို ဆော်ဒီအာရေဗျအနေဖြင့် ပယ်ဖျက်ရန် ဆီးရီးယားအာဏာပိုင်များနှင့် ၎င်းတို့၏ အီရန်မဟာမိတ်များက ဖေဖော်ဝါရီလ ၆ရက်နေ့တွင် သတိပေးခဲ့သည်။

ဆီးရီးယားအစိုးရကို ဆန့်ကျင်စွက်ဖက်သည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့မဆို အသက်ရှင်လျှက် ပြန်လည်ထွက်ခွာနိုင်လိမ့်မည်မဟုတ်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ် မိုအယ်လမ်က ဒမတ်စကတ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကြေညာခဲ့သည်။

“ဆော်ဒီပဲဖြစ်ဖြစ်၊ တူရကီပဲဖြစ်ဖြစ် ဆီးရီးယားကို ရန်စကျူးကျော်တဲ့ ဘယ်သူမဆို အခေါင်းတွေနဲ့ ပြန်သွားရမယ်”ဟု မိုအယ်လမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မြောက်ပိုင်းတွင် လျင်မြန်စွာ ဆုတ်ယုတ်သွားနေသည့် ဆီးရီးယားသူပုန်တပ်ဖွဲ့များ၏ အခြေအနေကြောင့် ဆော်ဒီအာရေဗျနှင့် ၎င်း၏မဟာမိတ် တူရကီတို့အနေဖြင့် သူပုန်များကို အကူအညီများများ တိုးမြှင့်ပေးလာနိုင်သည် (သို့မဟုတ်) ဆီးရီးယားသို့ တပ်ဖွဲ့များ စေလွှတ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

ဖေဖော်ဝါရီလ ၄ရက်နေ့က အိုင်အက်စ်စစ်သွေးကြွအုပ်စုကို တိုက်ခိုက်နေသော အမေရိကန်ခေါင်းဆောင်သည့် ညွှန့်ပေါင်းအဖွဲ့ကို ကူညီရန်အတွက် မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန် စဉ်းစားနေကြောင်း ရီယာ့၏ ကြေညာချက်ကို အိုဘားမားအစိုးရက ကြိုဆိုခဲ့သည်။

သို့ရာတွင် ဆီးရီးယားနှင့် ၎င်း၏ မဟာမိတ်များကမူ ဆီးရီးယား၏ လှုပ်ရှားမှုကို ဆီးရီးယားနှင့် အိမ်နီးချင်း အီရတ် နယ်မြေများကို ထိန်းချုပ်ထားသည့် အယ်ခိုင်ဒါ ခွဲထွက်ဂိုဏ်းကို ရည်ရွယ် ပစ်မှတ်ထားခြင်းမဟုတ်ဘဲ၊ ဆီးရီးယားအစိုးရကိုသာ ဦးတည် ရန်ပြုသည့် လုပ်ရပ်ဟုသာ ထင်မြင်ယူဆနေကြသည်။  

စစ်ပွဲတွင် ဒမတ်စကတ်က အသာစီးရလာအောင် မကြာသေးမီလများက ထုနှင့်ထည်နှင့် လေကြောင်းအကူအညီပေးခဲ့သည့် ရုရှက ပြီးခဲ့သည့် ရက်သတ္တပတ်က တူရကီက ဆီးရီးယားကို လက်နက်ဖြင့် ကျူးကျော်ရန် ပြင်ဆင်နေနိုင်ကြောင်း သတိပေးခဲ့ရာ ထိုသတိပေးချက်မှာ ရယ်စရာကောင်းသည်ဟု တူရကီသမ္မတ ရီစပ် တေးယစ် အာဒိုဂန်က ပယ်ချခဲ့သည်။ တူရကီမှာ ဆီးရီးယားနှင့် မိုင်၅၀၀ကျော် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ရီယာ့နည်းတူ အန်ကာရာမှာလည်း ဆီးရီးယားသမ္မတ ဘာရှား အာဆတ်၏ အစိုးရကို ဖြုတ်ချရန် တိုက်ခိုက်နေသည့် အစ္စလာမ် သူပုန်အုပ်စုအများစုကို အဓိက ထောက်ပံ့နေသူတစ်ဦးပင် ဖြစ်သည်။

ဆော်ဒီ၏ ဝင်ရောက်စွက်ဖက်မှုမှာ မဖြစ်နိုင်လောက်အောင် အလှမ်းဝေးလွန်းလှသော်လညး ဆော်ဒီအစိုးရမှာ ရူးကြောင်ကြောင်နိုင်သောကြောင့် ဘာမဆိုဖြစ်နိုင်သည်ဟုလည်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ဆော်ဒီအာဏာပိုင်များဘက်မှမူ ချက်ချင်းတုန့်ပြန် ပြောကြားခဲ့ခြင်း မရှိပေ။

 တီဟီရန်တွင်မူ ဆော်ဒီဘုရင့်နိုင်ငံမှာ ဆီးရီးယားတွင် တိုက်ခိုက်ရန် သန္နိဌာန် ခိုင်ခိုင်မာမာမရှိလှဟု တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲက ရီယာ့ကို လှောင်ပြောင်ခဲ့သည်။

“ဆော်ဒီအာရေဗျာ ဆီးရီးယားကို တပ်တွေ စေလွှတ်ခဲ့ရင် အဲဒါဟာ သူ့ရဲ့ အဆုံးသတ်ပဲ ဖြစ်လိမ့်မယ်။ အဲဒီလိုဆိုရင်လည်း သိပ်ပြီးမဆိုးလှပါဘူး”ဟု အီရန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟမ္မတ် အလီ ဂျာဖာရီက သတင်းထောက်များကို ပြောကြားခဲ့သည်။

တီဟီရန်နှင့် ရီယာ့မှာ သူ့ထက်ငါ အရှေ့အလယ်ပိုင်းကို သြဇာလွှမ်းမိုးရန် ကြိုးစားနေသည့် ပြင်းထန်ခါးသီးသော ပြိုင်ဘက်များဖြစ်ကြပြီး ဆီးရီးယားစစ်ပွဲတွင်လည်း ဆန့်ကျင်ဘက်အုပ်စုများကို အသီးသီး ထောက်ခံနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly