ပြည်ထောင်စုနေ့တွင် လူငယ်များစုပေါင်းစက်ဘီးစီးမည်

ပြည်ထောင်စုနေ့တွင် လူငယ်များစုပေါင်းစက်ဘီးစီးမည်

 ဖေဖော်ဝါရီ ၆ ။           ။ ရန်ကုန်မြို့တွင်း ကားကြပ်သည့်ပြဿနာလျော့နည်းစေရန်နှင့် မြို့လယ်ဧရိယာတွင် စက်ဘီးစီးခွင့် ပြန်လည်ရရှိအောင် ဖေဖော်ဝါရီ  ၁၂  ရက် ပြည်ထောင်စုနေ့တွင် လူငယ်များစုပေါင်း၍ စက်ဘီးစီး မည်ဟု ဂေဟဟိတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှသိရသည်။

မည်သူမဆို ပါဝင်နိုင်ပြီး ယခုစက်ဘီးစီးနှင်းခြင်းကို ဂေဟဟိတအဖွဲ့၊ Bicycle Network Myanmar၊ Happy Bike Commuters Yangon၊ Global Platform တို့ကဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

စီစဉ်သူတစ်ဦးဖြစ်သူ Global Platform မှ ကိုသော်ကြီးက ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖြစ်သောကြောင့် တိုင်းရင်းသား ရိုးရာဝတ်စုံများ ဝတ်ဆင်၍ စီးနင်းရန်ရည်ရွယ်ထားပြီး မနက်စာကို ဂေဟဟိတဆိုင်တွင် ကျွေးမွေးသွားမည် ဟုဆိုသည်။

''ရန်ကုန်မှာ ကားအရမ်းကြပ်နေတော့ မြို့ထဲမှာ စက်ဘီးစီးလို့ရတယ် ဆိုတာပြချင်တာရယ်၊ မြို့ထဲမှာ စက်ဘီးမစီးရ ဆိုပြီး ၂၀၀၃ ခုနှစ်လောက်ထုတ်ခဲ့တဲ့ အမိန့်ကို နောက်အစိုးရလက်ထက်မှာ ပယ်ဖျက် ပေးဖို့ တောင်းဆိုချင်တာရယ်ကြောင့် ဒီပွဲလုပ်ဖြစ်တာပါ။ စက်ဘီးပြန်စီးနိုင်တဲ့ အလေ့အထဖြစ်စေဖို့ပါ။ နောက်ပိုင်း အဆင်ပြေသွားရင် စက်ဘီးစီးဖို့ လမ်းတွေ တောင်းဆိုတာမျိုးလုပ်မယ်။ ရုံးသွားရုံးပြန်စီးလို့ ရတယ်၊ ကာဗွန်လျော့ချရာလဲရောက်တယ်။ ကြားထဲမှာ ဒီလိုပွဲ နှစ်ခေါက်လောက်လုပ်ပြီးသွားပြီ။'' ဟု ကိုသော်ကြီးက ပြောကြားသည်။

အမှတ်(၅၆)၊ ၁၆ ရပ်ကွက်၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ ဂေဟဟိတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးမှ နံနက် ၆ နာရီခွဲ အချိန်စတင်ထွက်ခွာမှာဖြစ်ပြီး ဆူးလေ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံထိ စက်ဘီးစီးနင်းမည်ဖြစ်ကာ  ထိုမှ မင်းဓမ္မလမ်းသို့ ပြန်လည်စီးနင်းသွားမည်ဖြစ်ကြောင်း ကိုသော်ကြီးက ရှင်းပြသည်။

ဂေဟဟိတအဖွဲ့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မှ မှော်ဘီသို့ စက်ဘီးစီးသူ (၇၀) ဦးကျော် စီးနှင်း၍ ကာဗွန်လျော့ချခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly