မလေးရှားဝန်ကြီးချုပ်၏ ဘဏ်စာရင်းထဲရှိငွေများမှာ လှူဒါန်းခြင်းမဟုတ်ဘဲ ရင်းနှီးမြုပ်နှံမှုသာဖြစ်ဟု ဆော်ဒီဝန်ကြီးပြော

မလေးရှားဝန်ကြီးချုပ်၏ ဘဏ်စာရင်းထဲရှိငွေများမှာ လှူဒါန်းခြင်းမဟုတ်ဘဲ ရင်းနှီးမြုပ်နှံမှုသာဖြစ်ဟု ဆော်ဒီဝန်ကြီးပြော

ပေတာလင်ဂျာယာ၊ ဖေဖော်ဝါရီ ၆ ။             ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲ ရောက်သွားသော ငွေများမှာ နိုင်ငံရေးလှူဒါန်းမှုထက် ရင်းနှီးမြုပ်နှံမှုတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ဆော်ဒီဝန်ကြီးတစ်ဦးက ပြောကြားလိုက်သည်။

အမှားအယွင်းလုပ်ဆောင်ခဲ့ခြင်းမရှိဆိုသည့် မလေးရှားရှေ့နေချုပ်၏ ယူဆချက်ကို လက်ခံသော်လည်း ၎င်းငွေများမှာ ဆော်ဒီအစိုးရ ထံမှလာသည်။ သို့မဟုတ် နိုင်ငံရေးအလှူငွေဖြစ်သည်ဟု ၎င်းအနေဖြင့် ထင်မြင်ချက်မရှိကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံခြားရေးဝန်ကြီး အေဒဲလ်အယ်လ်ဂျူဘေယာက ပြောသည်။

"ဒါက ပုဂ္ဂလိက ဆော်ဒီနိုင်ငံသားတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ငွေတွေက မလေးရှားမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ရောက်သွားခဲ့တာပါ"ဟု ဖေဖော်ဝါရီ ၄က နယူးယောက်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ၎င်းကပြောကြားခဲ့သည်။ နာဂျစ်ထံရောက်သွားသောငွေများမှာ လှူဒါန်းခြင်းမဟုတ်ကြောင်း အမည်မဖော်သော တော်ဝင်မိသားစုဝင်တစ်ဦးနှင့် မိသားစုတွဲဘက်တစ်ဦး တို့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။ ငွေကြေးများမှာ စီးပွားရေးလုပ်ငန်းသဘောတူညီချက်တစ်ခု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း သိရသည်။

ရင်းဂစ် ၂ဒသမ၆ဘီလျံ(စင်ကာပူဒေါ်လာ ၈၇၉သန်း)ရှိ နိုင်ငံရေးအလှူငွေနှင့် ပတ်သက်၍ ဝန်ကြီးချုပ်တွင် အပြစ်မရှိကြောင်း ရှေ့နေချုပ် အပန်ဒီအလီက အစောပိုင်းက ပြောကြားခဲ့သည်။ အမှန်တကယ်အားဖြင့် ဆော်ဒီတော်ဝင်မိသားစုထံမှ ဝန်ကြီးချုပ်၏ ဘဏ်စာရင်းထဲသို့ ၂၀၁၃ခုနှစ် မတ်လ ၂၂မှ ဧပြီ ၁၀ အတွင်း အမေရိကန်ဒေါ်လာ ၆၈၁သန်းလွှဲပြောင်းခဲ့သည်ဟု စာရွက်စာတမ်းများတွင် ဖော်ပြသည်။

မစ္စတာနာဂျစ်သည် မသုံးရသေးသော အမေရိကန်ဒေါ်လာသန်း ၆၂၀ကို ၂၀၁၃ သြဂုတ်လက ပြန်လည်ပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required