အစိုးရသစ်အနေဖြင့် အကျင့်ပျက်ခြစားမှုများ သန့်ရှင်းအောင်အားစိုက် ကြိုးစားရမည်

အစိုးရသစ်အနေဖြင့် အကျင့်ပျက်ခြစားမှုများ သန့်ရှင်းအောင်အားစိုက် ကြိုးစားရမည်

ရန်ကုန်၊ဖေဖော်ဝါရီ ၆ ။           ။ သမိုင်းဝင်နိုင်ငံရေး အပြောင်းအလဲဟု ကမ္ဘာ့နိုင်ငံအသီးသီး ကပြောဆိုနေသည့် မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲမှု များတွင် အကျင့်ပျက်ခြစားမှုများကို သန့်ရှင်းအောင် အများကြီးကြိုးစားရမည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ပြောကြားသည်။

ယခင်အစိုးရနှင့် နီးစပ်သူဟုလူသိများသည့် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့်  Serge Punခေါ် ဦးသိမ်းဝေက " corruption ဆိုတဲ့အကျင့်ပေါ့နော်၊ တော်တော်များများ ကြိုးစားရဦးမှာ။ ဒါကိုသန့်ရှင်းအောင်လုပ်ဖို့ဆိုတော့ တော်တော်ကြိုးစားရဦးမှာ၊ ရှိတော့ရှိမှာပေါ့နော်။"ဟု သုံးသပ်သည်။

စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက် ကလည်း ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးအခြေအနေကလည်း ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ပိုပွင့်လင်းလာသည့် အနေအထားရှိရန်လိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ရှိရန် လိုကြောင်းပြောသည်။

ယင်းအပြင်စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ကိုင်နိုင်စွမ်းရှိသလောက်ယှဉ်ပြိုင်နိုင်ရန် လက်ဝါးကြီးအုပ်စနစ်ကို သတိထားရမည်ဖြစ်ကြောင်း၊အစိုးရက လိုအပ်သည့် နည်းဥပဒေများနှင့် ပံ့ပိုးပေး သင့်ကြောင်း၊ သို့ရာတွင်လုပ်ရည်ကိုင်ရည် အားနည်းခြင်းများက အဓိကပြဿနာဖြစ်နေဆဲဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက် ကသုံးသပ်သည်။

"ဒါကရှင်းပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကအစိုးရဆီမှာရော၊ ဗြူရိုကရေစီမှာရော၊ ပုဂ္ဂလိကအခန်းကဏ္ဍနဲ့ အရာအားလုံးမှာအရေးပါနေပါတယ်။ အရင်အစိုးရတုန်းက ပြုပြင်ပြောင်းလဲမှု တော်တော်များများလုပ်ခဲ့တာကို ကျွန်တော်တို့ သိပြီးပါပြီ။ ဒါပေမယ့် အရာရာတိုင်းတော့ ပြီးပြည့်စုံမှာမဟုတ်ပါဘူး၊ ဒါက မြန်မာနိုင်ငံရယ်မှ မဟုတ်ပါဘူး၊ နိုင်ငံတိုင်းလိုလိုပါ၊ စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်မှ ရှိတာပါ။ ကျွန်တော်တို့ အနေနဲ့ကလည်းအခုအစိုးရသစ် ကဒါတွေကိုပိုကောင်းအောင် လုပ်ကိုင်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။"အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.VivekPathak ကသုံးသပ်သည်။

ဌာနဆိုင်ရာများနှင့်  ဆက်စပ်လုပ်ကိုင်ရသဖြင့်  အမှန်တကယ်ကောင်းမွန်သည့် စီမံခန့်ခွဲမှုများနှင့် ဆောင်ရွက်သွားပါက မျှော်မှန်းထားသည့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI  ဥက္ကဌ ဦးဝင်းအောင် ကလည်းပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required