ဆီးရီးယားသို့ မြေပြင်တပ်ဖွဲ့ဝင်များ စေလွှတ်ရန်အသင့်ရှိဟု ဘာရိန်းပြော

ဆီးရီးယားသို့ မြေပြင်တပ်ဖွဲ့ဝင်များ စေလွှတ်ရန်အသင့်ရှိဟု ဘာရိန်းပြော

မာနာမာ၊ ဖေဖော်ဝါရီ ၆ ။             ။ ဆီးရီးယားတွင် နိုင်ငံခြားကျောထောက်နောက်ခံ စစ်သွေးကြွများ ဆီးရီးယားစစ်တပ်နှင့် တိုက်ပွဲများဖြစ်ကာ နယ်မြေများ ဆုံးရုံးနေစဉ် သေးငယ်သောပါရှန် ပင်လယ်ကွေ့နိုင်ငံလေး ဘာရိန်းက ဆော်ဒီ၏ ဦးဆောင်မှုအောက်တွင် ဆီးရီးယားသို့ မြေပြင်တပ်ဖွဲ့ဝင်များ ချထားရန် အသင့်ဖြစ်နေပြီဟု ပြောကြားလိုက်သည်။

ဆီးရီးယားသို့ မြေပြင်တပ်ဖွဲ့ဝင်များ စေလွှတ်ရန်အသင့်ရှိဟု ဆော်ဒီအာရေဘီးယားက ပြောကြားပြီးနောက် ဘာရိန်းကလည်း ယင်းသို့စေလွှတ်ရန်အသင့်ရှိကြောင်း ဗြိတိန်ဆိုင်ရာ ဘာရိန်းသံအမတ်ကြီး ရှိတ်ခ်ဖာဝပ်ဇ်ဘင်မိုဟာမက်အယ်လ်ခါလီဖာက ကျေညာခဲ့ခြင်းဖြစ်သည်။

ဆော်ဒီနှင့်လက်တွဲ၍ စစ်ဆင်နိုင်ရန် မြေပြင်တပ်ဖွဲ့ဝင်များ ဆီးရီးယားသို့ စေလွှတ်ရန် မာနာမာက အသင့်ရှိကြောင်း ကြေညာချက်တစ်ခုတွင် ရှိတ်ခ်ဖာဝပ်ဇ်က ပြောကြားခဲ့သည်။ ဆော်ဒီ၏ အစီအစဉ်မှာ အိုင်အက်စ်နှင့် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ အစိုးရကို တိုက်ခိုက်ရန်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ဒေသတွင်းသာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို ဆော်ဒီ၏ ဦးဆောင်မှုအောက်မှ တိုက်ဖျက်ရန် ပါရှန်ပင်လယ်ကွေ့နိုင်ငံများက ပိုင်းဖြတ်ထားကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ယူအေအီးကလည်း ဆီးရီးယားသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အသင့်ရှိသည်ဟု ရှိတ်ခ်ဖာဝပ်ဇ်က ဆိုသည်။

ဘာရိန်း၊ ဆော်ဒီနှင့် ယူအေအီးတို့သည် ၂၀၁၄ စက်တင်ဘာကတည်းက ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းစစ်ဆင်ရေးပြုလုပ်နေသော အမေရိကန်ဦးဆောင်သောညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ သို့သော်လည်း ယင်းသို့တိုက်ခိုက်ရန် ဆီးရီးယားအစိုးရ၏ခွင့်ပြုချက်နှင့် ကုလသမဂ္ဂ၏ခွင့်ပြုချက်ရမထားပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly