ဒိုင်လူကြီးများက ရန်ကုန်ကို ဆန့်ကျင်နေခြင်းကို နားမလည်နိုင်ဟု မာယန် ဝေဖန်

ဒိုင်လူကြီးများက ရန်ကုန်ကို ဆန့်ကျင်နေခြင်းကို နားမလည်နိုင်ဟု မာယန် ဝေဖန်
ရန်ကုန်-ချင်းပွဲတွင် ကွင်းလယ်ဒိုင်နှင့်ကစားသမားများကို တွေ့ရစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

ဖေဖော်ဝါရီ ၆ ၊ ရန်ကုန်။            ။ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် မာယန်က မြန်မာနေရှင်နယ်လိဂ် ဒိုင်လူကြီးများအနေဖြင့် ရန်ကုန်အသင်းအား ဆန့်ကျင်နေခြင်းကို နားမလည်နိုင် ဖြစ်မိသည် ဟု ချင်းအသင်းနှင့်ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ရန်ကုန်အသင်းသည် ချင်းအသင်းနှင့်ပွဲတွင် ပွဲချိန်ပထမပိုင်း၌ ကွင်းလယ်ကစားသမား သန်းထက်အောင်အား ချင်းအသင်းနောက်ခံလူ   ဇော်လင်းမှ ဂိုးဧရိယာအတွင်း ဥပဒေပြင်ပကစားခဲ့သော်လည်း ကွင်းလယ်ဒိုင်က ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။

“ ဒီနေ့ချင်းနဲ့ပွဲ ပထမပိုင်းမှာ သန်းထက်အောင် ဧရိယာထဲမှာ ထိသွားတဲ့ဘောလုံးက ပင်နယ်တီပါပဲ။ အားလုံးလည်း မြင်ပါတယ်။ ဒိုင်က ဘာကြောင့်မပေးလဲ နားမလည်နိုင်ဘူး။ အဲ့ပင်နယ်တီသာ ရခဲ့မယ် ဆိုရင် ဂိုးစောရတဲ့အတွက် အသင်းက ၅-၀ လည်းဖြစ်နိုင်ပါတယ်။ အရင် ဧရာဝတီအသင်းမှာတုန်းက ရန်ကုန်ကို ဒိုင်တွေ မျက်နှာပေးတယ်လို့ ထင်ခဲ့ဘူးတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒိုင်တွေက ရန်ကုန်အသင်းကို ဆန့်ကျင်နေတယ်လို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတာ ကျွန်တော်တကယ် နားမလည်နိုင်ပါဘူး ” ဟု မာယန်က ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အချို့နှင့် ပတ်သက်၍ ဝေဖန်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပင်နယ်တီပြစ်ဒဏ်ဘောများ မကြာခဏဆိုသလို ရရှိခဲ့ဖူးသော်လည်း ယခုနှစ် ဘောလုံးရာသီတွင်မူ ပွဲစဉ် ငါးပွဲ ကစားပြီးချိန်အထိ ပင်နယ်တီပြစ်ဒဏ် တစ်လုံးမှ ရရှိထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly