ဆီးရီးယားရှိ အမျိုးသမီးများနှင့် ကလေးများအပေါ် ဗုံးကြဲနေခြင်းအား ရုရှားရပ်တန့်ရမည်ဟု ကယ်ရီပြော

ဆီးရီးယားရှိ အမျိုးသမီးများနှင့် ကလေးများအပေါ် ဗုံးကြဲနေခြင်းအား ရုရှားရပ်တန့်ရမည်ဟု ကယ်ရီပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆ ။           ။ ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေးတစ်ခုကို အကောင်အထည်ဖော်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားကို ဖေဖော်ဝါရီ ၅က တိုက်တွန်းလိုက်ပြီး အမျိုးသမီးများနှင့် ကလေးများစွာကို သတ်ဖြတ်နေသော ရုရှား၏ ဗုံးကြဲသည့်စစ်ဆင်ရေး ရပ်တန့်ပစ်ရမည်ဟုလည်း ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးလုပ်ရန် ပြင်ဆင်နေသည်ဟု ရုရှားက ပြောကြားခဲ့သည်ဟု ကယ်ရီက သတင်းထောက်များကို ပြောသည်။ ငါးနှစ်ကြာဆီးရီးယားကဋိပက္ခကို ဖြေရှင်းရေး ဥရောပခရီးစဉ်မှ ပြန်ကာစ ကယ်ရီကပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့လည်း ယခုအခါ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံမည်ဟု လွန်ခဲ့သည့် တစ်ရက်ခွဲကမှ အီရန်တို့က လန်ဒန်တွင် အတည်ပြုပြောကြားခဲ့ကြောင်းလည်း ၎င်းကပြောသည်။

သက်ဆိုင်ရာနိုင်ငံအဖွဲ့အစည်းအသီးသီးသည် မည်မျှအရေးပါသည်ကို သိရှိရန် လာမည့်ရက်အနည်းငယ်အတွင်း များစွာပိုမိုကောင်းမွန်သည့် အသိတစ်ခုရှိရလိမ့်မည်ဟုလည်း ကယ်ရီက ထပ်မံပြောကြား ခဲ့သည်။ လွန်ခဲ့သည့်တစ်ရက်က ယခုသီတင်းပတ်အတွင်း ဂျီနီဗာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြိုလဲခဲ့ခြင်းအတွက် ဆီးရီးယားအတိုက်အခံများအပေါ် ရုရှား၏ ဗုံးကြဲစစ်ဆင်ရေးကို ကယ်ရီက အပြစ်တင်ခဲ့သည်။

ဆီးရီးယား၏ အဓိကမဟာမိတ် ရုရှားသည် ဆီးရီးယားအစိုးရ၏ ထိုးစစ်ကို ထောက်ကူသည့် အနေဖြင့် မကြာသေးမီရက်များအတွင်း အလက်ပိုမြို့တစ်ဝိုက် ဗုံးကြဲမှုကို အရှိန်မြင့်ခဲ့သည်။ တိုက်ပွဲများကြောင့် အရပ်သား ထောင်ပေါင်းများစွာမှာ တူရကီနယ်စပ်သို့ ထွက်ပြေးခဲ့ရသည်။ လမ်းညွှန်မပါသော ဗုံးများအသုံးပြုခြင်းအတွက်လည်း ရုရှားစစ်တပ်အား ကယ်ရီက အပြစ်တင်ခဲ့သည်။

"ဒါတွေက တိကျတဲ့ဗုံးတွေ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေ အများကြီးသေတယ်"ဟု ကိုလမ်ဘီယာသမ္မတ ဂျူအန်မန်နျူယယ်ဆန်းတို့စ်နှင့် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ကယ်ရီက ပြောသည်။

"ရုရှားလေယာဉ်တွေက ဆေးရုံတွေကိုလည်း ပစ်မှတ်ထားနေပါတယ်။ နောက်ပြီး အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေမှာ ဒဏ်ရာရတဲ့သူတွေကို ကယ်တင်နေတဲ့သူတွေကိုလည်း ပြန်လာပြီး ဗုံးကြဲတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်"ဟု ကယ်ရီက ပြောသည်။

ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် လများစွာကြာမြင့်သည့် ကြိုးပမ်းမှုတစ်ခုပြုလုပ်ပြီးနောက် ကယ်ရီ၏ လေသံမှာ သိသိသာသပြောင်းလာခြင်းဖြစ်သည်။ ဂျီနီဗာငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားခြင်း အတွက်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ရုရှားတွင်လည်း တာဝန်ရှိသည်ဟု ဝါရှင်တန်က စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly