လိင်တူချစ်သူအကြောင်း ရုပ်ရှင်ရိုက်ကူးခဲ့သော ဒါရိုက်တာ အခွန်ကင်းလွတ်ခွင့် မရ

လိင်တူချစ်သူအကြောင်း ရုပ်ရှင်ရိုက်ကူးခဲ့သော ဒါရိုက်တာ အခွန်ကင်းလွတ်ခွင့် မရ

အိန္ဒိယ ဒါရိုက်တာ Kiran Kumar Devmani သည် လိင်တူချစ်သူအကြောင်း ရုပ်ရှင်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့စဉ်က သူသည် အိန္ဒိယ၏ ရှေးရိုးစွဲ ဆင်ဆာအဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်ရ လိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်ခဲ့မည် ဖြစ်သော်လည်း အခွန်ရုံးနှင့် ရင်ဆိုင်ရလိမ့်မည်ဟုတော့ သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ သို့ရာတွင် ရုပ်ရှင်ရိုက်ကူးအပြီး သုံးနှစ်ကြာသည်အထိ ဒါရိုက်တာ Devmani သည် အခွန် ဗျူရိုကရက် အရာရှိများနှင့် ထိပ်တိုက်တွေ့လျက်ရှိသည်။

အိန္ဒိယတွင် လိင်တူဆက်ဆံမှှုမှာ ရာဇဝတ် ပြစ်မှှုတစ်ခု ဖြစ်ရာ ဒါရိုက်တာ Devmani ၏ ရုပ်ရှင်သည် တရားဥပဒေစိုးမိုးရေးနှင့် ငြိစွန်းနိုင်သည့် ပြဿနာမျိုး ဖြစ်လာအောင် ဆွပေးနိုင်ကြောင်း အခွန် အရာရှိများက ဆိုခဲ့ကြသည်။

“လိင်တူချစ်သူ ကိစ္စနဲ့ ပတ်သတ်ပြီး ဘာကများ အငြင်းပွားစရာ ရှိလို့လဲ” ဟု အိန္ဒိယနိုင်ငံ အနောက်ပိုင်း Ahmedabad မြို့ ကုန်တိုက်တစ်ခုအတွင်းရှိ သူ၏ ရုံးခန်းငယ်လေးထဲမှ နေ၍ ရုပ်ရှင် ဒါရိုက်တာ Devamani က မေးခွန်းထုတ်ခဲ့သည်။

“လိင်တူချစ်သူ အမျိုးသားတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ကလေး ကိုင်ကြည့်တဲ့ ဇာတ်ဝင်ခန်းမျိုးတောင် ကျွန်တော့်ရုပ်ရှင်ထဲမှာ တစ်ခန်းမှ မပါပါဘူး။ အခြေခံအားဖြင့် ဒီရုပ်ရှင်ဟာ လူ့အဖွဲ့အစည်း တစ်ခုအတွင်းမှာ ဘဝဇာတ်ခုံ အဆင့်ဆင့်မှာ လိင်တူချစ်သူ အမျိုးသားတွေ ရုန်းကန် ရင်ဆိုင်နေရပုံအကြောင်းပါ” ဟု အသက် ၃၀ အရွယ် ဒါရိုက်တာက အေအက်ဖ်ပီကို ပြောခဲ့သည်။

ဒါရိုက်တာ Devamani သည် အခြား ရုပ်ရှင်ဒါရိုက်တာများ နည်းတူ သူ၏ ရုပ်ရှင်အတွက် အခွန်ကင်းလွတ်ခွင့် တစ်ရပ် ရရှိလိုခြင်း ဖြစ်သည်။ သို့ရာတွင် ဝန်ကြီးချုပ်မိုဒီ၏ ဇာတိပြည်နယ်ဖြစ်သည့် Gujarat ပြည်နယ် အစိုးရက ဒါရိုက်တာ Devamani ၏ ရုပ်ရှင် “Meghdhanushya - The Colour of Life” မှာ အများပြည်သူအတွက် အဖျက်သဘောဆောင်နိုင်ကြောင်း အကြောင်းပြချက်ဖြင့် အခွန်ကင်းလွတ်ခွင့် မပေးခြင်းဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required