ကော်မရှင် ဥက္ကဌ ရာထူး လစာမယူဘဲ သူရဦးရွှေမန်း တာဝန်ထမ်းဆောင်မည်

ကော်မရှင် ဥက္ကဌ ရာထူး လစာမယူဘဲ သူရဦးရွှေမန်း တာဝန်ထမ်းဆောင်မည်

နေပြည်တော်၊ဖေဖော်ဝါရီ ၅ ။              ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကမ်းလှမ်းခဲ့သည် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ ရာထူးကို နိုင်ငံတော် ကပေးအပ်သည့် လစာ နှင့် ခံစားခွင့်များမယူဘဲ သူရဦးရွှေမန်းက တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်ရွေးချယ်ခံရသူ ဦးကိုကိုနိုင်ကပြောသည်။

 “ ဒီကော်မရှင် ဥက္ကဌ တာဝန်ယူတဲ့နေရာမှာနိုင်ငံတော်ကနေချီးမြှင့်တဲ့ ချီးမြှင့်ငွေတို့လစာရိတ်တို့ရှိတယ် ။အဲ့ဒီဟာကို သူ့အနေနဲ့မခံစားဘူး ၊ မယူဘဲနဲ့သူက ကူညီပြီးတော့လုပ်ပေးမယ် ” ဟု ကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးကိုကိုနိုင်က ကော်မရှင် ၏ပထမအကြိမ်အစည်းအဝေးအပြီးတွင် ပြောသည်။

သူရဦးရွှေမန်းသည် လစဉ်ချီးမြှင့်ငွေ ၆ သိန်း ၊တာဝန်အရ ခရီးသွား လာခြင်းအတွက် အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ် ကျပ် ၅ ထောင် နှင့်အခြားအသုံးစရိတ် ကျပ် ၅ ထောင်၊ တာဝန်အရခရီးသွားလာရခြင်းအတွက် စားသောက်စားရိတ်ကို တစ်နေ့လျှင် ကျပ် ၁ သောင်း ခံစားခွင့် နှင့် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

ပြီးခဲ့သည့် လွှတ်တော်တွင် ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန် ကော်မရှင်မှ ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက   ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မဇ္ဈိမ သို့ပြောသည်။

လက်ရှိလွှတ်တော် အမတ် တစ်ဦး နှင့် ပထမအကြိမ်လွှတ်တော်အမတ်ဟောင်းများ ၊ တပ်မတော်အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများ အပါအဝင် နယ်ပယ်အသီးသီးမှ အငြိမ်းစားအရာရှိဟောင်း (၂၃) ဦးဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပ သည့် လွှတ်တော်အစည်းအဝေးတွင်ယင်းကော်မရှင်ကို  ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required