တရုတ်စူပါလိဂ်အကြောင်း တစေ့တစောင်း

တရုတ်စူပါလိဂ်အကြောင်း တစေ့တစောင်း

ဘောလုံးလောကထဲမှာ အခုတလော လူပြောများနေတဲ့ အကြောင်းအရာကတော့ တရုတ်စူပါလိဂ်အကြောင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ တရုတ်ထိပ်သီးကလပ်အသင်းနှစ်သင်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၀၀ နီးပါးအသုံးပြုခဲ့ကြပြီး လစာငွေပေးချေဖို့ ပေါင်သန်း ၁၈၀ လောက် အသုံးပြုခဲ့ကြပါတယ်။

ချယ်လ်ဆီးကွင်းလယ်ကစားသမား ရာမီရက်စ်၊ အက်သလက်တီကိုတိုက်စစ်မှူး မာတီနက်ဇ်၊ နောက်ဆုံး ရှက်တာဒိုးနက်တိုက်စစ်မှူး တီဇီရာ အားလုံးက ခြေစွမ်းခြေစရှိတဲ့သူတွေဖြစ်ပြီး ဥရောပဘောလုံးလောကမှာ ကောင်းကောင်းကစားနိုင်သေးသူတွေဖြစ်ပေမယ့် တရုတ်စူပါလိဂ်ကို ရောက်ရှိသွားကြပါပြီ။

အခြားသော ဘောလုံးထိပ်သီးနိုင်ငံတွေထက် တရုတ်စူပါလိဂ်က ထိပ်တန်းကစားသမားတွေကို ဘာကြောင့် ဆွဲဆောင်နိုင်တာလဲ။ ကစားသမားတွေရဲ့ လစာငွေတွေကိုလည်း ဘာကြောင့် ပေါင်နှစ်သိန်းခွဲ၊ သုံးသိန်း ပေးနိုင်ရတာလဲ။ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

'ငွေကြေးက မူလရင်းမြစ်ပါပဲ။ ခင်ဗျားအနေနဲ့ ဒီအချက်ကို မငြင်းပယ်နိုင်ပါဘူး' လို့ ရှန်ဟိုင်း SIPG အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်က ရာမီရက်စ်၊ မာတီနက်ဇ်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောပါတယ်။

အဲရစ်ဆင်ဟာ ယမန်နှစ်က ရှန်ဟိုင်း SIPG အသင်းကို အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ကွမ်ကျိုးအဲဗားဂရန်ဒီအသင်းရဲ့နောက် ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းပိုင်ရှင်တွေရဲ့ အပြည့်အ၀ ထောက်ခံမှုကို ရရှိထားပြီး တရုတ်ပြည်တွင်းမှာ အောင်မြင်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

လာမယ့် အင်္ဂါနေ့မှာဆိုရင် ထိုင်းကလပ် မြောင်တောင်အသင်းက ရှန်ဟိုင်း SIPG နဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ကစားဖို့ မိုင်ပေါင်း ၃,၆၀၀ လောက်ကို ခရီးနှင်လာပါလိ့မ်မယ်။ ရှန်ဟိုင်းရဲ့ ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း အဆာမိုဂျန်ကို အားပေးဖို့အတွက် အဲ့ဒီအချိန်မှာ ရှန်ဟိုင်းကွင်းကြီးထဲကို ပရိသတ်နှစ်သောင်းခွဲလည်း ရောက်ရှိနေမှာပါ။

'အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျကလပ်တွေပဲ စိုးမိုးနေခဲ့တာပါ။ ဒါပေမဲ့ နည်းပြစကိုလာရီရဲ့ ကွမ်ကျိုးအဲဗားဂရန်ဒီအသင်းက ပြီးခဲ့တဲ့ သုံးနှစ်မှာ ၂ နှစ် ဗိုလ်စွဲခဲ့ပါတယ်' လို့ အဲရစ်ဆင်က ပြောပါတယ်။

ဒါက ဘာကို ပြသလဲဆိုတော့ တရုတ်ဘောလုံးလောက တိုးတက်လာတဲ့ အခြေအနေကို ဖော်ပြနေတာပါ။ ကလပ်တွေကို ပြည်နယ်တွေက စပွန်ဆာပေးထားကြပြီး ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေ ရည်မှန်းချက်ကြီးမားတဲ့ ကန်ထရိုက်တာတွေကလည်း ဥရောပက ကြယ်ပွင့်ကစားသမားတွေကို တရုတ်ပြည်မှာ လာကစားအောင် ပြုလုပ်နေကြပါတယ်။

လက်ရှိ တရုတ်စူပါလိဂ်မှာ ဘရာဇီးနဲ့ တောင်အမေရိကတိုက်က ကစားသမား အများအပြားရှိသလို ဘရာဇီးဘောလုံးသမား ၁၆၀ ကျော်လောက်ကလည်း ဝင်ရောက်လာဖို့ ရှိနေပါသေးတယ်။ အဲ့ဒီကစားသမားတွေထဲမှာ နာမည်မရှိတဲ့ ကစားသမားတွေပါဝင်သလို ပေါ်လင်ဟိုနဲ့ ရော်ဘင်ဟိုတို့လို ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ ကစားသမားတွေလည်း ပါဝင်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့တိုက်စစ်မှူး၊ မန်စီးတီးနဲ့အဲဗာတန်ကစားသမားဟောင်း ဂျိုကိုလည်း ချိတ်ဆက်နေကြပြီး လာမယ့်ရက်ပိုင်းအတွင်း ရာမီရက်ဇ်နဲ့ တီဇီရာတို့ရှိရာ ကျန်းစူးစုနင်အသင်းကို ရောက်လာဖို့ ရှိနေပါတယ်။

ကျန်စူးစုနင်အသင်းကို လက်ရှိနည်းပြနေသူက ချယ်လ်ဆီးကစားသမားဟောင်း ပီထရက်စကူပါ။ ကျန်းစူးစုနင်အသင်းကလည်း တကယ်ကိုရည်ရွယ်ချက်ကြီးတဲ့ အသင်းတစ်သင်းပါပဲ။ အသင်းဥက္ကဋ္ဌဇီရဲ့ အဓိက ရည်မှန်းချက်က တရုတ်ပြည်တစ်ဝှမ်းလုံး ဘောလုံးအဆင့်အတန်း တိုးတက်လာဖို့ ဖြစ်ပါတယ်။

ဥက္ကဋ္ဌဇီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မန်စီးတီးအသင်းရဲ့ ကောဇောနီပေါ်မှာ လျှောက်လှမ်းခဲ့ပြီးတဲ့နောက် နှစ်လအကြာမှာပဲ ကျန်းစူးစုနင်အသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

'ဒီမှာက ဘောလုံးပွဲဆိုတာကို တစ်ချိန်လုံး ရုပ်သံကနေပဲ ကြည့်ကြတာပါ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်နှစ်ခုတည်းမဟုတ်ပါဘူး။ ဥရောပရဲ့ လိဂ်တွေအားလုံးပါပဲ။

အခု တရုတ်စူပါလိဂ်ထွက်ပေါ်လာပါပြီ။ နာမည်ကြီးကစားသမားတွေကို ဆွဲဆောင်နေပါတယ်။ ဒါက ဆက်လက်စီးဆင်းနေဦးမှာပါ' လို့ အဲရစ်ဆင်က ပြောပါတယ်။

တရုတ်စူပါလိဂ်မှာ ဒရော့ဂ်ဘာ၊ အနယ်လ်ကာတို့လို ကစားသမားဟောင်းတွေ ကစားခဲ့သလို ပြီးခဲ့တဲ့ရာတုန်းကလည်း ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘား၊ အဲဗာတန်တိုက်စစ်မှူးဟောင်း တင်ကာဟေးလ်တို့ ရှန်ဟိုင်းရှင်ဟွာအသင်းအတွက် ကစားပေးခဲ့ကြပါတယ်။

'တရုတ်ဘောလုံးလောကက အစဉ်တိုးတက်နေပါတယ်။ သူတို့ဟာ နိုင်ငံလက်ရွေးစင်အသင်း အတွက် အလွန်ကို ရည်မှန်းချက်ကြီးကြီး ထားကြပါတယ်' လို့ အဲရစ်ဆင်က ဆိုပါသေးတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိ ဘောလုံးအဆင့်အတန်းကတော့ ဖီဖာအဆင့်သတ်မှတ်ချက်မှာဆိုရင် အဆင့် ၉၃ ရောက်နေပါတယ်။ ဖာရိုးကျွန်းစုရဲ့ အထက် ဘော့စ်ဝါနာရဲ့ အောက်မှာ ရှိနေတာပါ။

တရုတ်စူပါလိဂ်ရဲ့ ထိပ်တန်းအသင်းတွေကတော့ အာရှချန်ပီယံလိဂ်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပါပြီ။ ဒါကြောင့် သူတို့ရဲ့ လက်ရွေးစင်အသင်းကြီးအောင်မြင်မှုရအောင် ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။

တရုတ်စူပါလိဂ်မှာ ချမှတ်ထားတဲ့ စဉ်းမျဉ်းအရလည်း တရုတ်ဘောလုံးလောက တိုးတက်လာနိုင်ပါတယ်။ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းကတော့ အသင်းတိုင်းရဲ့ ဂိုးသမားတွေက တရုတ်ဂိုးသမားတွေသာ ဖြစ်ရပါမယ်။ နိုင်ငံခြားသားလေးဦးနဲ့ အာရှနိုင်ငံခြားသားတစ်ဦး ဝယ်ယူခွင့်ရှိပြီး ပထမကစားသမား ၁၁ ယောက်ရွေးချယ်တဲ့ အခါမှာတော့ အာရှနိုင်ငံခြားသားတစ်ဦးအပါအဝင် နိုင်ငံခြားသားလေးဦးသာ အသုံးပြုခွင့်ရှိမှာ ဖြစ်ပါတယ်။ 'ဒီလို စည်းကမ်းသတ်မှတ်ထားတာက စိတ်ဝင်စားစရာကောင်းတဲ့ လူစားလဲမှုဖြစ်အောင် ပြုလုပ်ပေးပါတယ်' လို့ အဲရစ်ဆင်က ပြောပါတယ်။

ကျန်းစူးစုနင်အသင်းဥက္ကဋ္ဌ ဇီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ရဖို့ လျှောက်ထားနိုင်အောင်နဲ့ တရုတ်နိုင်ငံကို ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီ၊ စပိန်နဲ့ အင်္ဂလန်တို့လို ဘောလုံးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ပြုလုပ်သွားဖို့ ရည်ရွယ်နေပါတယ်။

'ဒီမှာ အကြီးမားဆုံးပြဿနာကတော့ ဘာသာစကားပါပဲ။ ဥရောပဘောလုံးသမားတွေအတွက် တရုတ်စကားက သင်ကြားဖို့ အလွန်ခက်ခဲပါတယ်။ ရှန်ဟိုင်းလို မြို့ကြီးမှာတော့ ပြဿနာ မရှိလှပါဘူး။ အများစုက အင်္ဂလိပ်စကား ပြောကြပါတယ်။

ရှန်ဟိုင်းက တကယ်ကို လှပတဲ့ မြို့တော်တစ်ခုပါ။ ဇာတ်ပွဲရုံကြီးတွေ၊ ဈေးဝယ်စင်တာတွေနဲ့ စားသောက်ဆိုင်တွေက လန်ဒန်လိုမြို့ကြီးကို အဘက်ဘက်က ယှဉ်နိုင်စွမ်းရှိပါတယ်' လို့ အဲရစ်ဆင်က နောက်ဆုံးပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် တရုတ်စူပါလိဂ်ပြိုင်ပွဲဝင်မယ့် အသင်း ၁၆ သင်းဟာ အခုအချိန်မှာ အပြိုင်အဆိုင်ပြင်ဆင်မှုတွေပြုလုပ်နေကြပါတယ်။ ဘရာဇီး၊ အာဂျင်တီးနားနဲ့ တောင်အမေရိကတိုက်က ကစားသမားအများစု၊ အာဖရိကတိုက်နဲ့ ဥရောပတိုက်က ကစားသမားကောင်းတွေကို ဝယ်ယူနေကြပါတယ်။ အပြောင်းအရွှေ့ဈေးကွက်က ဖေဖော်ဝါရီ ၂၆ ရက်မှ ကုန်ဆုံးမှာ ဖြစ်လို့ နာမည်ကြီးကစားသမားတွေ ထပ်မံရောက်ရှိလာဖို့ ရှိပါသေးတယ်။ အသင်း ၁၆ သင်းကို ကိုင်တွယ်နည်းပြမယ့် နည်းပြ ၁၆ ဦးမှာလည်း သုံးဦးသာ တရုတ်နိုင်ငံသားပါဝင်ပြီး ကျန် ၁၃ ဦးက ပြည်ပနည်းပြတွေဖြစ်ကြပါတယ်။ ပြည်ပနည်းပြတွေထဲမှာ စကိုလာရီ၊ အဲရစ်ဆင်နဲ့ ဇက်ကာရိုနီတို့လို ထိပ်တန်းနည်းပြတွေ ပါဝင်ပါတယ်။ ဒါကြောင့် တရုတ်စူပါလိဂ်ရဲ့ ရာသီသစ်က စိတ်ဝင်စားစရာကောင်းပါတယ်။

လက်ရှိအချိန်မှာ တရုတ်စူပါလိဂ်က ကမ္ဘာ့ဘောလုံးလောကကြီးထဲက ကစားသမား၊ အေးဂျင့်နဲ့ ပရိသတ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တာကတော့ အမှန်ပါပဲ။

ကိုးကား - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required