နိုင်ငံရေးပြောင်းလဲမှုတွင် ကချင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရန် တိုက်တွန်း

နိုင်ငံရေးပြောင်းလဲမှုတွင် ကချင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရန် တိုက်တွန်း
မြစ်ကြီးနားမြို့ မနောကွင်းတွင်ဖေဖော်ဝါရီ ၅ရက်နေ့တွင်ကချင်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်နေသည်ကိုတွေ့ရစဉ်။ဓာတ်ပုံ- hkun aung nlam

ချင်းမိုင်၊ဖေဖော်ဝါရီ ၅ ။              ။ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ကချင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ကြရန် ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကျရောက်သော ၅၆ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဥက္ကဌ ဦးလယောဇောင်းဟရားက တိုက်တွန်းထားသည်။

ကချင်တော်လှန်ရေးတစ်လျှောက် စည်းလုံးညီညွတ်မှု မရှိခဲ့သဖြင့် တော်လှန်ရေးခရီး ကြာနေခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် အားလုံး စည်းလုံးညီညွတ်ကြရန်နှင့် ၅၆ နှစ်ကြာ KIO ၏ ဖြတ်သန်းခဲ့မှုများ  ၊ ရှေ့ဆက် လုပ်ဆောင်မှုများ၊ စစ်ရေးသတိထားကြရန်၊ လက်ရှိ အစိုးရ သစ်နှင့်လည်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးသွားရန် ပြင်ဆင်ထားကြရန် ကချင်ဘာသာဖြင့် ရေးသားထားသော မိန့်ခွန်းတွင်   ဖော်ပြထားသည်။

“ရှေ့ဆက်ဘယ်လို ဆက်သွားမယ်။ ဘယ်လို သတိထားရမယ်ဆိုတာတွေ ပြည့်ပြည့်စုံစုံ ပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်းတွေ၊ ဒုက္ခိတတွေ၊ ရှေ့တန်းမှာရှိနေတဲ့ လူတွေအတွက်၊ ဒုက္ခသည်တွေ၊ နိုင်ငံတကာရောက်နေတဲ့လူတွေအားလုံးကို ခွန်အားပေး ထားတာတွေက အရင်ကထက် ပိုပြီး ခွန်အားပေးထားတယ်”ဟု KIO ဗဟိုကော်မတီဝင် အရပ်ဘက် အရာရှိ ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

ဥက္ကဌ၏ မိန့်ခွန်းတွင်၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရေး ပြောင်းလဲလာမှုအပေါ် ကချင်တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှုဖြင့် ရှေ့ဆက် နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို KIO နှင့် လူထုနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

၅၆ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် အခမ်းအနားတွင် KIO ၏ အုပ်ချုပ်ရေးဌာန တာဝန်ခံ အရပ်ဘက် အရာရှိ ဦးလဂျောင်ခေါင်လွမ်းအား နှစ် ၅၀ ပြည့် အထိန်းအမှတ် ငွေတံဆိပ်ဆုကို ချီးမြင့်ခဲ့သည်ဟု သိရသည်။

KIO ဌာနချုပ် လိုင်ဇာမြို့ တွင် ယနေ့နံနက် ၈ နာရီချိန်တွင် ၅၆ ကြိမ်မြောက် ကချင့်တော်လှန်ရေးနေ့ KIO ဥက္ကဌ ဦးလယော်ဇောင်းဟရား ၏ မိန့်ခွန်း ဖတ်ကြားခြင်းနှင့် နှစ် ၅၀ ပြည့် တာဝန်ထမ်းဆောင်ခဲ့သော ဦးလဂျောင်ခေါင်လွမ်းကို ဥက္ကဌ ကိုယ်တိုင် ပေးအပ်ခဲ့သလို၊ ရဲဘော်ရဲဘက် နှစ် ၄၀၊ ၃၀၊ ၂၀၊ ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့သူများကိုလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်ဟု သိရသည်။

KIA ၏ ရှေ့တန်းရောက်နေသော ရဲဘော်ရဲဘက်များကိုလည်း အစိုးရ စစ်တပ်မှ စစ်ဆင်ရန် အမြဲရှိနေသဖြင့် ကိုယ့်ဘက်ကလည်း အဆင်သင့် အမြဲ သတိနှင့်နေကြရန် တိုက်တွန်းထားသည်။

နေရာအနှံ့ စစ်ဒဏ်ကြောင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသော စစ်ပြေးဒုက္ခသည်များကိုလည်း ဆင်းရဲ ဒုက္ခ အမျိုးမျိုး ကြုံတွေ့ ခံစားနေရသော်လည်း စိတ်ဓါတ်မကျ အရှုံးမပေးဘဲ ဆက်လက် သီးခံနားလည်၍ နေထိုင်ကြရန် ခွန်အားပေးတိုက်တွန်းထားသည်။

လက်ရှိ အစိုးရသစ် အုပ်ချုပ်နေပြီ ဖြစ်သော်လည်း တပ်မတော်ဘက်မှ စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နေသဖြင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး လုံခြုံရေး စိုးရိမ်နေရဆဲ ဖြစ်ကြောင်း   ဖော်ပြထားသည်။

ကချင်လူထု အခြေပြု၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကိုလည်း ဆက်လက်လူထု ပါဝင်လာရန် လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နေသူများကလည်း ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားရန်နှင့် ဇန်နဝါရီလ ၁၅ ရက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ကျဆုံးခဲ့သော လူငယ်တစ်ဦးအား ဂုဏ်ပြုကြောင်းနှင့် သူ၏ အမှုနှင့်ပတ်သက်၍လည်း တရားဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

အလားတူ ယနေ့ ကျရောက်သော ၅၆ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်းတွင် ကချင်လူငယ်များ ဦးဆောင်၍ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ အခမ်းအနား ကျင်းပသည်။

ထိုအခမ်းအနားတွင် မြစ်ကြီးနားမြို့ခံ လူဦးရေ ၇၀၀ ကျော် တက်ရောက်ခဲ့ပြီး နံနက်ပိုင်းတွင် ဆုတောင်း ဝတ်ပြုမှု ပြုလုပ်ကာ မွန်းလွဲပိုင်းတွင် အကပဒေသာများနှင့် သီဆိုဖျော်ဖြေမှု အစီအစဉ်များ   ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။

၅၆ နှစ်မြောက် ကချင်တေ်ာလှန်နေ့ အခမ်းအနားကို လိုင်ဇာ၊ မြစ်ကြီးနား အပါအဝင် ထိုင်း၊ ဂျပန်၊ အမေရိကန်၊ နိုင်ငံများအပါအဝင် နိုင်ငံအများအပြားရောက်ရှိနေသော ကချင်အမျိုးသားများလည်း အခမ်းအနားများ ကျင်းပခဲ့သည်။

KIO သည် ၁၉၅၇ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှ ကချင်ကျောင်းသား လထော်ဇော်ဆိုင်း ဦးဆောင်သော လူငယ် ၇ ဦးက 7 star ဟူသော မြေအောက် တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က လူထုနှင့် တွေ့ဆုံဆွေးနွေး၍ ကချင်တော်လှန်ရေး စတင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required