အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်အတွက် မြန်မာမှ လူငယ် ဒါရိုက်တာ ၉ဦး ဖိတ်ခေါ်

အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်အတွက် မြန်မာမှ လူငယ် ဒါရိုက်တာ ၉ဦး ဖိတ်ခေါ်

ရန်ကုန် ၊ ဇွန် ၂၆ ။      ။ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၂၈ရက်တွင် ဂျပန်နိုင်ငံ ၊ ဟိုကိုင်းဒိုးရှိ ခိတမိ မြို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ် ဒါရိုက်တာ ကိုးဦးကို  ဝင်ရောက်ယှဉ်ပြိုင်ရန်  အဆိုပါ ပွဲတော်စီစဉ်သူများ က မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှ တဆင့် ဖိတ်ခေါ်ထားသည်။

ထိုပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ဇာတ်ကား သုံးကား ၊ အဖွဲ့ဝင် ကိုးဦး နှင့် အဖွဲ့ခေါင်းဆောင် တစ်ဦး ကို ရွေးချယ် ပေးမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက် သတ်မှတ် ထားသည့် အချက်အလက် များမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများသည် အသက် ၁၅ နှစ် မှ ၁၇ နှစ် အထိ ဖြစ်ပြီး ယှဉ်ပြိုင်ရာတွင် တစ်နိုင်ငံ တစ်ဒေသ လက်ရာ သုံးမျိုး ယှဉ်ပြိုင်ရမည် ဖြစ်ပြီး လက်ရာများသည် တစ်ဦး တစ်ယောက် ချင်းသော် လည်းကောင်း ၊ အများ စုပေါင်း လုပ်ဆောင်မှုသော်လည်း ကောင်း ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။

ယခုနှစ် ပါဝင် ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်မှာ "ကျွနု်ပ်ပျော်ရွှင်မှုကို ခံစားရသော အချိန်" (Time When I feel the happiness) ဖြစ် သည်။

Home Video ဖြင့် ရိုက်ကူး ထားသော မည်သည့် နေရာတွင်မှ ထုတ်လွှင့် ထားခြင်း မရှိ သော ၃မိနစ်စာ (အတိအကျ) ဇာတ်လမ်းတို ဖြစ်ရမည်။

ဇာတ်လမ်း ရိုက်ကူးရာတွင် ဥပမာ အားဖြင့် ခင်မင်ရင်းနှီးမှုနှင့်ဝါသနာ ၊ သဘာ၀ ပတ်ဝန်းကျင် ပြဿနာ များနှင့် ငလျင် အစရှိသော သဘာ၀ ဘေးအန္တရာယ် များ ၊ စစ်ပွဲများ အစရှိသဖြင့် မိမိနှင့် အနီးတစ်ဝိုက်တွင် ရှိသော ကဏ္ဍများမှ တဆင့် Global Theme များအထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် ရိုက်ကူး စေလိုပြီး အင်္ဂလိပ်စာတန်း ထိုးပေးရမည် ဖြစ်သည်။

ရိုက်ကူးပြီး တင်ပြရမည့် ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ရက် ဖြစ်ပြီး DVD တစ်ချပ်တွင် စုစည်း ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးသို့ ပေးပို့ကာ   အစည်းအရုံးမှ စိစစ် ရွေးချယ်ပြီး ဂျပန် သံရုံးသို့ ပေးပို့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က  အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော် အတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရွေးချယ် ပေးခဲ့သည့် ဇာတ်လမ်းတို သုံး ကားတွင် ရိုက်ကူး ပါဝင်သူ(၈)ဦးနှင့် အတူ အမှူဆောင် ဒေါ်ကေခိုင်စိုး ခေါင်းဆောင်ကာ  ဂျပန် နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly