ဒဏ်ရာများနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများကြောင့် လီဗာပူးလ်အား စတူးရစ်ချ် စွန့်ခွာဖွယ်ရှိ

ဒဏ်ရာများနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများကြောင့် လီဗာပူးလ်အား စတူးရစ်ချ် စွန့်ခွာဖွယ်ရှိ

ဖေဖော်ဝါရီ ၅၊ လီဗာပူးလ်။           ။ အင်္ဂလန်တိုက်စစ်မှူး ဒန်နီရယ်စတူးရစ်ချ်သည် ဒဏ်ရာများနှင့် ပတ်သက်၍ ဝေဖန်ခံနေရသောကြောင့် လီဗာပူးလ်အသင်းအား စွန့်ခွာရန် အဆင်သင့် ဖြစ်နေပြီဟု   ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

စတူးရစ်ချ်၏ ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး နည်းပြ ဂျာဂင်ကလော့ပ်က ဝေဖန်မှုများ ပြုလုပ်ထားသလို အန်ဖီးလ်ကစားသမားဟောင်းများကလည်း စတူးရစ်ချ်၏နေရာတွင် ကစားသမားသစ် ဝယ်ယူရန် တိုက်တွန်းထားကြသည်။

စတူးရစ်ချ်သည် ယခုအချိန်တွင် နောက်ဆုံးရရှိထားသော တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ပြီး လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သည်။ သို့သော်လာမည့်နွေရာသီတွင်မှ ကြံ့ခိုင်မှုအပြည့် ပြန်လည်ရရှိမည်ဟု စတူးရစ်ခ်က မျှော်လင့်နေသည်။

၂၀၁၃ ခုနှစ်က ချယ်လ်ဆီးမှ လီဗာပူးလ်သို့ ရောက်ရှိလာသည့် စတူးရစ်ချ်သည် အန်ဖီးလ်ကစားသမားဘဝတွင် ရှစ်ကြိမ်အထိ ဒဏ်ရာရရှိထားသည်။ ပေါင်ဒဏ်ရာ၊ ခြေထောက်ဒဏ်ရာ၊ တင်ပါးဒဏ်ရာ၊ ခြေကျင်းဝတ်ဒဏ်ရာ၊ ဒူးဒဏ်ရာ၊ ခြေသလုံးဒဏ်ရာ၊ တံကောက်ကြောဒဏ်ရာနှင့် ခြေထောက်အထက်ပိုင်းထုံကျင်သည့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

စတူးရစ်ချ်သည် လီဗာပူးလ်ကစားသမားဘဝတွင် ပွဲစဉ်ပေါင်း ၇၃ ပွဲ ပါဝင်ကစားထားပြီး ၈၁ ပွဲအထိလွဲချော်ခဲ့သည်။ ဒဏ်ရာရရှိသည့်အချိန်မှာ ပွဲကစားချိန်ထက်ပိုမိုများပြားလျက်ရှိသည်။

အသက် ၂၆ နှစ်အရွယ်ရှိ စတူးရစ်ချ်နှင့် လီဗာပူးလ်တို့၏ စာချုပ်သက်တမ်းမှာ ၂ နှစ်ခွဲ ကျန်ရှိနေသေးပြီး တစ်ပတ်လစာငွေမှာ ပေါင်တစ်သိန်းခွဲ ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်အသင်းက ၎င်းကို ပေးချေနေရသည့် လစာငွေမှာ များပြားနေသည်ဟု အဓိပ္ပါယ်ထွက်လျက်ရှိသည်။ ၎င်းမှာ ပေါင်သန်း ၆၀ ခန့်တန်ဖိုးရှိသည့် တိုက်စစ်မှူးဖြစ်သော်လည်း အချက်အလက်များက ပေါင်းသန်း ၂၀ လောက်သာ တန်ကြေးရှိသည်ဟု ညွှန်းဆိုလျက်ရှိသည်။

စတူးရစ်ချ်သည် နည်းပြကလော့ပ်၏ လက်ထက်တွင် ၁၀၆ မိနစ်သာ ကစားပေးထားနိုင်သည်။ စတူးရစ်ချ်ကို အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ စပါးနှင့် ပီအက်စ်ဂျီအသင်းတို့က စောင့်ကြည့်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly