ဂျပန်နိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပခွင့်ရရန် Zero One အဖွဲ့အစည်းမှ စီစဉ်

ဂျပန်နိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပခွင့်ရရန် Zero One အဖွဲ့အစည်းမှ စီစဉ်
နိုင်ငံတကာလက်ဝှေ့သမားနှင့် မြန်မာ့လက်ဝှေ့သမားတို့ ယှဉ်ပြို်င်ထိုးသတ်နေစဉ် (ဓာတ်ပုံ-မောင်ထူးဆန်း)

ဖေဖော်ဝါရီ ၅ ၊ ရန်ကုန်။            ။ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုင်ငံတကာမှ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာရန်အတွက် ဂျပန်နိုင်ငံတွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပခွင့်ရန် စီစဉ်နေသည် ဟု Zero One အဖွဲ့အစည်းမှ ကိုအောင် က ပြောသည်။

Zero One အဖွဲ့အစည်းသည် လက်ရှိတွင် ဂျပန်နိုင်ငံ၌ နပန်းနှင့် ပတ်သက်တဲ့ အားကစားပြိုင်ပွဲများကို အဓိကစီစဉ်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ Yangon Press Group နှင့် ပူးပေါင်း၍ ရေဘေးသင့်ရန်ပုံငွေပွဲအဖြစ် Smack Down ပုံစံ နပန်းအားကစားပြိုင်ပွဲကိုလည်း စီစဉ်ထားလျက်ရှိသည်။

“ ကျွန်တော်တို့ ဂျပန်မှာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်တဲ့ ပွဲလေးတစ်ပွဲ စီစဉ်နေပါတယ်။ မသေချာသေးတဲ့အတွက် ရက်အတိ အကျတော့ မပြောပါရစေနဲ့။ သိရရင် ကျွန်တော်တို့ ကြေငြာပါမယ်။

ကျွန်တော်က မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ဒီလို မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာက ပိုစိတ်ဝင်စားလာအောင် ပြုလုပ်ပေးချင်တာပါ။ အခု ဒီနပန်းအားကစားပြိုင်ပွဲဆိုရင်လည်း မြန်မာ့လက်ဝှေ့တစ်ပွဲပါမှာပါ။ ဒီပြိုင်ပွဲကို နိုင်ငံတကာရုပ်သံအချို့ကလည်း ပြန်လွှင့်မှာဖြစ်တဲ့အတွက် မြန်မာ့လက်ဝှေ့ကို လူပိုသိနိုင်ပါတယ် ” ဟု ကိုအောင် က ပြောသည်။

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသည် လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံတကာလက်ဝှေ့အားကစားသမားများ လာရောက်ယှဉ်ပြိုင်ထိုးသတ်သည့် စိန်ခေါ်ပွဲများ ရှိနေသော်လည်း နိုင်ငံတကာသို့ သွားရောက်ထိုးသတ်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ရှားပါးလျက်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required