လိင်တံထောင်မတ်လျက်သား နှစ်သန်းတစ်ရာနီးပါးရှိ ပင့်ကူရုပ်ကြွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ

လိင်တံထောင်မတ်လျက်သား နှစ်သန်းတစ်ရာနီးပါးရှိ ပင့်ကူရုပ်ကြွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ

ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ဝေသည့် The Science of Nature ဂျာနယ်တွင် မြန်မာနိုင်ငံတွင်း၌ အဖိုလိင်တံရှည်ထွက်ကာ ထောင်မတ်လျက်သားရှိနေသည့် နှစ်ပေါင်း သန်းတစ်ရာနီးပါး ရှိနေပြီဖြစ်သော ပင့်ကူရုပ်ကြွင်းကို ပထမဆုံးအဖြစ် သုတေသနပညာရှင်များ တွေ့ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ပင့်ကူရုပ်ကြွင်းသည် harvestman မျိုးဝင် ခြေတံရှည်ပင့်ကူမျိုးစိတ်ရုပ်ကြွင်းဖြစ်ပြီး ရုပ်ကြွင်းသက်တမ်းမှာ နှစ်သန်းပေါင်း ၉၉ သန်းကျော် ရှိသည်။ ရုပ်ကြွင်းတွင် ခြေတံများအားလုံးနီးပါး မရှိတော့ဘဲ အဖိုလိင်တံသာ ရှည်ထွက်လျက်သား တွေ့ရှိခြင်းဖြစ်သည်။

ယင်းပင့်ကူသေဆုံးချိန်က ကိုယ်ခန္ဓာအလျား၏ ထက်ဝက်ကျော် လိင်တံက ရှည်ထွက်နေပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သုတေသနပညာရှင်များက ဆိုသည်။

"ဒီတွေ့ရှိမှုက မိတ်လိုက်မယ့် အချိန်မှာရှိတဲ့ အဖိုလိင်တံကို မပျက်မစီးပဲ ရုပ်ကြွင်းအဖြစ် ကမ္ဘာမှာ ပထမဆုံး တွေ့ရှိခြင်း မှတ်တမ်းတစ်ခုပါပဲ။ နုန်းတင်နွံနှစ်များရဲ့ သက်တမ်းကြောင့် ခုလိုအရေးကြီးတဲ့   တွေ့ရှိမှုကို တွေ့ရှိခဲ့ရခြင်းပဲဖြစ်ပါတယ်။"ဟု သုတေသနအဖွဲ့က ၎င်းတို့၏ သုတေသနနှင့်ပတ်သက်ပြီး ရှင်းပြသည်။

ယခုပင့်ကူရုပ်ကြွင်း၏ လိင်တံ ပုံစံကွဲပြားမှုကြောင့် ယခု ခြေတံရှည်ပင့်ကူသည် harvestmen ပင့်ကူမျိုးသစ်တစ်မျိုးဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ပြောသည်။ "ပင့်ကူမိသားစုဝင်တွေက အမျိုးမျိုးကွဲပြားတယ်။ မျိုးစိတ်တောင် ကွဲပြားမှုတွေရှိတယ်။ ဒါကို ထူးခြားတဲ့ လိင်တံပုံစံနဲ့ ခွဲခြားပါတယ်။ အမှန်ကလည်း ပင့်ကူရဲ့ ခန္ဓာကိုယ်နဲ့ ခြေတံတွေထက် တစ်ခါတစ်ရံမှာ လိင်တံက ပိုပြီး အရေးပါပါတယ်။"ဟု သုတေသနခေါင်းဆောင် Jason Dunlop က ရှင်းပြသည်။

ယင်းပင့်ကူရုပ်ကြွင်းတွေ့ရှိရာ အနီးတစ်ဝိုက်တွင် အမပင့်ကူရုပ်ကြွင်း လုံးလုံး မတွေ့ရှိခြင်းအတွက် သေဆုံးချိန်က မည်သည့်အတွက် အဖိုလိင်တံတင်းထောင်ရှည်ထွက်နေရခြင်းက အံ့သြစရာ   ဖြစ်ရပ်ဖြစ်သည်။ Dunlop ၏ မှန်းဆပြောကြားချက်အရ ယခုပင့်ကူသည် စေးထန်းသော သစ်စေးတွင် အရင် ကပ်ငြိနေခဲ့ဖွယ်ရှိပြီး အသက်ရှင်ရေးရုန်းကန်ရာမှာ သွေးဖိအားကြောင့် ယခုကဲ့သို့ အဖိုလိင်တံရှည်ထွက်တင်းမာလာခြင်းဖြစ်ဖွယ်ရှိသည်ဟု မှန်းဆထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required