ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့က ပြည်ထောင်စုနေ့တွင် ကြေညာစာတမ်းထုတ်ပြန်မည်

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့က ပြည်ထောင်စုနေ့တွင် ကြေညာစာတမ်းထုတ်ပြန်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ။           ။ လာမည့် (၆၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေး ပါတီများစုဖွဲ့ ထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် Federal Democracy Alliance (FDA) အဖွဲ့ဝင်ပါတီများ က ကျင်းပမည်ဖြစ်ပြီး သဘောထားကြေညာစာတမ်းတစ်စောင် ထုတ်ပြန်မည်ဟု FDA ရုံးမှသိရသည်။

FDA အဖွဲ့တွင်ပါဝင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ''အခုကျင်းပတာ ဒုတိယအကြိမ်ပေါ့။ FDA အဖွဲ့ဝင်တွေအပြင် ကျန်တဲ့ပါတီတွေကိုဖိတ်မယ်၊ ပြီးတော့မီဒီယာတွေ၊ ရွေးကောက်ပွဲကော်မရှင်တို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့တို့ကို ဖိတ်ပါမယ်။ FDA အဖွဲ့အပြင် တခြားပါတီ တွေနဲ့များများစုပေါင်းလုပ်နိုင်ရင်ပိုကောင်းတာပေါ့။ အဲ့ဒီနေ့မှာ FDA ရဲ့ပြည်ထောင်စုနေ့နဲ့ပတ်သက်တဲ့ သဘောထားကြေညာစာတမ်းထုတ်ပြန်မှာပါ။'' ဟု မဇ္ဈိမသို့ပြောကြားသည်။

ယနေ့ နံနက် ၁၁ နာရီ အချိန် ရန်ကုန်မြို့ FDA ရုံးခန်းတွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေး အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မဟာဗန္ဓုလလမ်းနှင့်သိမ်ဖြူလမ်းထောင့်ရှိ YMCA ခန်းမ၌ ကျင်းပမည်ဟု FDA ရုံးအဖွဲ့ဝင် ဦးဇာနည်က ပြောသည်။

''အခမ်းအနားမှာ ဖတ်ကြားမယ့် စာတမ်းများကိစ္စနဲ့ အသေးစိတ်အစီအစဉ်များကို ချမှတ်နိုင်ဖို့ (၈) ရက် နေ့ FDA ရုံးခန်းမှာ အစည်းအဝေး ထပ်ခေါ်ထားပါတယ်။ လူကြီးတွေ ညှိနှိုင်းပြီးမှ ဆုံးဖြတ်ကြမှာပါ။'' ဟု ဦးဇာနည်က ဆိုသည်။

အခမ်းအနားပြင်ဆင်မှုအတွက် ကရင်ပြည်သူ့ပါတီ၊ အကျွေးအမွေးနှင့် အခမ်းအနားလုံခြုံရေးအတွက် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အခမ်းအနားသို့ ဖိတ်ကြားသင့်သည့် ဧည့်သည်တော်များနှင့် များသို့ ဖိတ်ကြားရန် ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ တာဝန်ယူမည်ဖြစ်သည်။

FDA အဖွဲ့တွင် ဗမာပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြို (ခေါ်) ခမီ ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီတို့ ပါဝင်ကြသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦး တို့က တိုင်းရင်းသားသွေးစည်းမှုကို ပြသနိုင်ရန်၊ တောင်တန်းဒေသနှင့် ပြည်မကြီး ပူးပေါင်းရန် သဘောတူညီကာ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်သမုတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required