၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်နေဟု နည်းပြများ သုံးသပ်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်နေဟု နည်းပြများ သုံးသပ်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)တွင် ရတနာပုံနှင့် ဟော်ရဇွန်တို့ ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ- ရွှေဘုတ်)

ဖေဖော်ဝါရီ ၄၊ ရန်ကုန်။          ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ယခင်နှစ်များထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်နေသည်ဟု ကလပ်အသင်းနည်းပြများက သုံးသပ်ပြောဆိုကြသည်။

ယခုနှစ်ဘောလုံးရာသီတွင် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ရလဒ်များဆိုးရွားနေသလို ထိပ်သီးအသင်းများနှင့် အလယ်အလတ်အသင်း များ၏ပွဲစဉ်များတွင်လည်း မထင်မှတ်သော ရလဒ်များထွက်ပေါ်နေသည်။

“ဒီနှစ်ပြိုင်ပွဲက ကျွန်တော်မနှစ်က ရောက်လာတဲ့အခြေအနေထက်ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်နေတယ်။ အသင်းငယ်ဆိုတာ မရှိတော့ဘူး။ ဟော်ရဇွန်အသင်းဆို ပြီးခဲ့တဲ့နှစ် ဗိုလ်ချုပ်ဒိုင်းမှာရင်ဆိုင်ခဲ့ရတုန်းထက် အဆပေါင်းများစွာကောင်းအောင် ကစားနေနိုင်ပြီ။ မြန်မာနေရှင်နယ်လိဂ်မှာ အသင်းငယ်ဆိုတာမရှိတော့ဘူး။”ဟု ရတနာပုံအသင်းနည်းပြချုပ် ရီနီဒီဆေရီက ပြောသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် ပွဲစဉ်(၄)အပြီးအထိ ရှုံးပွဲမရှိကစားထားနိုင်သော အသင်း လေးသင်းရှိပြီး ယင်းအသင်းများမှာ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ဟံသာဝတီ၊ ရှမ်းယူနိုက်တက်အသင်းတို့ဖြစ်သည်။ လက်ရှိချန်ပီယံရန်ကုန်အသင်းမှာမူ လေးပွဲကစားပြီးချိန်အထိ နိုင်ပွဲမရသေးပဲ ၁ပွဲသရေ၊ ၃ပွဲရှုံးထားသလို ရှုံးထွက်ချန်ပီယံဧရာဝတီအသင်းကလည်း ၁ပွဲနိုင် ၃ပွဲရှုံးရလဒ်ရရှိထားသည်။ “ဒီနှစ်မှာ အသင်းငယ်ဆိုပြီး လျှော့တွက်ရင် လျှော့တွက်တဲ့အသင်းခံရမှာပဲ။ အသင်းတိုင်းက ပွဲတိုင်းမှာ အစွမ်းကုန်ကြိုးစားနေသလို ပြင်ဆင်မှုတွေလည်း ကောင်းတယ်။ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး မြန်မာနေရှင်နယ်လိဂ်ဖြစ်လာနိုင်ပါတယ်။”ဟု မကွေးနည်းပြ ဦးကြည်လွင်ကလည်း သူ့အမြင်ကို ပြောသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် အသင်း ၁၂သင်းပါဝင်ကစားနေပြီး ရတနာပုံအသင်းက ရမှတ် ၁၀မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဟံသာဝတီအသင်းက ဒုတိယ၊ ဇွဲကပင်အသင်းက တတိယနေရာများတွင် အသီးသီးရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required