ဝိုင်းမော်မြို့နယ်အတွင်း ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တိုက်ခိုက်ခံရ

ဝိုင်းမော်မြို့နယ်အတွင်း ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တိုက်ခိုက်ခံရ

ချင်းမိုင်၊ဖေဖော်ဝါရီ  ၄ ။         ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan-PJS)များကို ဘိန်းစိုက်ခင်းပိုင်ရှင် ဒေသခံ လူ အင်အား ၅၀၀ ခန့်က တားဆီး၍ ဂွများဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရသဖြင့် လုံခြုံရေး စိုးရိမ်နေရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၄ ရက် နံနက် ၇ နာရီချိန်တွင် ဝိုင်းမော်မြို့နယ် မော်စီတုံးကျေးရွာတွင် PJS အဖွဲ့ ရပ်နားနေသော နေအိမ်သို့ ဒေသခံ ဘိန်းစိုက်ပိုင်ရှင်များ ရောက်လာ၍ အိုးခွက်များ ဖျက်ဆီးခြင်း၊ ဂွဖြင့် ပစ်ခတ်ခံရသဖြင့် အဖွဲ့မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်ဟု မြစ်ကြီးနားမြို့နယ်PJS အဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

“ဆဒုံး-ကန်ပိုင်တီ လမ်းပေါ်က မော်စီတုံးရွာဆိုတာ ရှိတယ်။ အဲဒီရွာတလျှောက်က ရွာသားတွေ ကားနဲ့ လာပြီး လာဝိုင်းတယ်။ ဒီမနက် ၇ နာရီမှာ ကျနော်တို့အဖွဲ့ နေနေတဲ့ အိမ်ကိုလာဝိုင်းပြီး   လေးဂွနဲ့ပစ်၊ ကျောက်ခဲနဲ့ ပစ်တယ်။ ကျနော်တို့ အဖွဲ့က နှစ်ဦးသုံးဦး ပစ်ခံရတယ်။ အခုလည်း လူတွေ စုပြီး ဝိုင်းနေကြ တယ်လို့ ပြောတယ်။ လုံခြုံရေးအဖွဲ့ကလည်း ပစ်ခွင့်မရှိလို့ မပစ်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

“မနေ့ကလည်း မော်စီတုံးရွာမှာ ကျနော်တို့အဖွဲ့ နားတဲ့နေရာမှာ လာဝိုင်းပြီး အိုးခွက်တွေ ဖျက်ဆီး ရိက္ခာတွေ လုယက်တာတွေ လုပ်လာတယ်၊ သူတို့ လာဝိုင်းပြီးတော့ ဓါးတွေနဲ့ ဟစ်အော်၊ လေးဂွတွေနဲ့ ပစ်ခတ် လာတယ်။ ကျနော်တို့အဖွ့ဲက တစ်နေရာမှာ စုလိုက်တော့ သူတို ဒေသခံတွေလည်း ညနေပိုင်းတော့ ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းတို့အဖွဲ့အား လုံခြုံရေး တာဝန်ယူပေးနေသော အစိုးရ၏ ရဲတပ်ဖွဲ့တို့ဘက်မှလည်း အထက်မှ ပစ်ခွင့်မရှိသဖြင့် ဘိန်းစိုက်ဒေသခံများအား ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း သူက ပြောသည်။

ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်းမှူးထံသို့ ဆက်သွယ်ခဲ့သော်လည်း တိုင်းမှူးသည် နေပြည်တော်သို့ လေးလပတ်အစည်းအဝေး တက်ရောက်နေသဖြင့် ဆက်သွယ်၍ မရသေးကြောင်း သူက ပြောသည်။

“တိုင်းမှူးကလည်း လေးလပတ်အစည်းအဝေးသွားလိုက်တယ်။ ဆက်သွယ်လို့ မရတော့ဘူး။ ရဲမင်းကြီးတွေကတော့ အစည်းအဝေးလုပ်နေတယ်လို့ပြောတယ်။ ဒီမနက် တိုင်းက ဂျီဝမ်းကိုလည်း ဖုန်းဆက်မေးကြည့်တော့ ဘာမှ မပြောနိုင်ဘူး”ဟု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

မကြာမီ ရက်ပိုင်းတွင် တားဆီးပိတ်ပင်ခံနေရသော ဒေသသို့ သွားရောက်ရန် ကချင် လူထုက သွားရောက် အင်အားဖြည့်တင်းရန် အမြန်ဆုံး စီစဉ်နေသည်ဟု သူက ပြောသည်။

ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုင်တီကားလမ်းပေါ်ရှိ ဝေါ့ခရုန်းကျေးရွာအထက်ပိုင်းနှင့် ရှငေါဒေသ ဥမားဘွမ် ဘက်တွင် ဘိန်းခင်းအမြောက်အများ စိုက်ပျိုးထားသည်ကို တွေ့ရှိထားသည်ဟု သူက ပြောသည်။

ကချင်မူးဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(PJS) က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်မှစတင်၍ ဝိုင်းမော်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးနေရာ ဘိန်းခင်း ဧကပေါင်း ၁၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၉ ရက်က ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အင်အား ၁၂၀၀ ကျော်သည် ဆံဒုံး၊ ကန်ပိုင်တီ၊ ချီဖွေဒေသသို့ သွားရောက်ရန် ပြင်ဆင်ခဲ့သော်လည်း ဘိန်းစိုက်ပိုင်ရှင်များက ချိန်းခြောက်ပြောဆိုမှုများ ရှိသော်လည်း လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၅၅ ဦးနှင့်အတူ ဇန်နဝါရီလ ၂၃ ရက်မှစတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ဟူးကောင်းဒေသ တနိုင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၁၅၀၀ ကျော်ကိုလည်း ဇန်နဝါရီလ ၁၂ ရက်မှ ၃၁ ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required