ဆေးကုရန် အခက်အခဲရှိသည့် ကလေးများကို ကုသပေးနိုင်ရန် We Are One Myanmar နှင့် Myanmar Media 7 တို့ အလှူငွေ ကောက်ခံမည်

ဆေးကုရန် အခက်အခဲရှိသည့် ကလေးများကို ကုသပေးနိုင်ရန် We Are One Myanmar နှင့် Myanmar Media 7 တို့ အလှူငွေ ကောက်ခံမည်

ရန်ကုန် ၊ ဇွန် ၂၆။       ။ ဆေးကုရန် အခက်အခဲရှိသည့် ကလေးငယ်များကို တာဝန်ယူ ကုသပေးရန် အနုပညာရှင်များ ပါဝင်သည့် We Are One Myanmar အဖွဲ့ နှင့် Myanmar Media 7 တို့ ပူးပေါင်းပြီး လာမည့် စက်တင်ဘာလတွင် အလှူငွေများ လိုက်လံ ကောက်ခံမည်  ဖြစ်သည်။  

၎င်းတို့ အဖွဲ့ အနေဖြင့်  လက်ရှိတွင် ဆေးကုသရန် ခက်ခဲနေသည့် ကလေးများကို စာရင်း ပြုစု ထားမည် ဖြစ်ပြီး ရံပုံငွေ လိုက်လံ ကောက်ခံပြီးပါက ကလေး နှစ်ဦးကို ရွေးချယ်ကာ တာဝန်ယူ ကုသပေးသွားမည် ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင်က  "မြန်မာနိုင်ငံ အတွင်းမှာ ဆေးကုရန် အခက်အခဲ ရှိတဲ့ ကလေးငယ်တွေကို ဖေ့ဘုတ် မှာ အလှူရှင် ရှာဖွေနေ တာတွေကို တွေ့ရတယ် ။ တကိုယ်လုံး မီးလောင် သွားတဲ့ ကလေးတွေ ၊ မျက်လုံးမှာ အကြိတ် အကြီးကြီးနဲ့ ကလေးတွေကို စိတ်မကောင်းစွာ တွေ့ရတယ်။ မျက်နှာအလှအပတွေ ပြုပြင်လို့ ရနေတဲ့ခေတ်မှာ ပျက်စီးလို့ လူတောမတော လူရာမဝင်နေတဲ့ ကလေးတွေအတွက် လုပ်ပေးနိုင်သလောက် လုပ်ပေးချင်မိတယ်" ဟု ပြောသည်။  

"We Are One Myanmar" လူငယ်ပရဟိတ အဖွဲ့ကို Myanmar Media 7 မှ ကိုဝေမင်းမောင် က ဦးဆောင်ပြီး အနုပညာရှင် ၆၆ဦး နှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ထဲတွင် စတင် ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာ ၁ရက်၌ လုပ်ငန်းများ စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုအဖွဲ့သည် ပထမဆုံး အနေဖြင့် ကချင်ပြည်နယ်ရှိ လိုအပ်သည့် နေရာများ အတွက် လှူဒါန်းရန် ဒီဇင်ဘာ ၁ရက်နှင့် ၂ရက် တို့တွင် ရန်ကုန်မြို့ အတွင်း၌ အလှူငွေများ လိုက်လံ ကောက်ခံခဲ့သည်။ ဒုတိယ တစ်ကြိမ်တွင်မူ အနုပညာရှင် ၃၀ဦးက ၂၀၁၅ ခုနှစ် မတ်လ ၂ရက် နှင့် ၃ရက် တွင် မန္တလေးမြို့ရှိ ပြည်သူများဆီ အိမ်တိုင် ရာရောက် အလှူငွေ ကောက်ခံပြီး လောက်ကိုင်တွင် ကျဆုံး သွားသည့် စစ်သည်များ၏ မိသားစုများကို လှူဒါန်း ခဲ့သည်။

ယခု တစ်ကြိမ်တွင် ၎င်းအဖွဲ့မှ ဆေးကုရန် အခက် အခဲ ရှိသည့် ကလေးငယ် နှစ် ဦးအတွက် စက်တင်ဘာလတွင် ရန်ကုန်၌ အလှူငွေများ ကောက်ခံ လှူဒါန်းရန် စီစဉ် ထားပြီး ရန်ကုန်တွင် အလှူငွေ မကောက်ခံ ဖြစ်ပါက မန္တလေးမြို့သို့ သွားရောက် ကောက်ခံရန် စီစဉ် ထားသည်။

We Are One Myanmar လူငယ် ပရဟိတ အဖွဲ့သည် ယခင်က သုံးလတစ်ကြိမ် ပြည်သူတွေထဲ ထိ အိမ်တိုင် ရာ ရောက် အလှူငွေ ကောက်ခံရန် စီစဉ် ထားသော်လည်း အနုပညာရှင်များကို ငဲ့ညှာသော အားဖြင့် ၆လ တစ် ကြိမ် အလှူငွေများ လိုက်လံ ကောက်ခံ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required