လာဇီယိုနှင့် နာပိုလီပွဲစဉ်တွင် လူမျိုးရေး ခွဲခြားမှုကြောင့် ပွဲခေတ္တရပ်နား

လာဇီယိုနှင့် နာပိုလီပွဲစဉ်တွင် လူမျိုးရေး ခွဲခြားမှုကြောင့် ပွဲခေတ္တရပ်နား

အီတလီ၊ ဖေဖော်ဝါရီ ၄ ။           ။ အိုလံပီကိုကွင်းတွင် ကစားခဲ့သည့် လာဇီယိုနှင့် နာပိုလီတို့၏ စီးရီးအေပွဲစဉ်တွင် လူမျိုးရေးခွဲခြားမှုကြောင့် ကွင်းလယ်ဒိုင်က ပွဲကို ခေတ္တရပ်နားခဲ့ရသည်။

လာဇီယိုပရိသတ်များသည် နာပိုလီနောက်ခံလူ ကော့လီဘလေးကို တိုက်ရိုက်အော်ဟစ်ပြီး လူမျိုးရေးခွဲခြားခဲ့ကြခြင်းဖြစ်သည်။ လာဇီယိုပရိသတ်များသည် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများအပြင် နာပိုလီအသင်းကို တိုက်ခိုက်သည့် အသုံးအနှုန်းများဖြင့်လည်း အော်ဟစ် လှောင်ပြောင်ခဲ့ကြသည်။

ထို့ကြောင့် ကွင်းလယ်ဒိုင်အိုင်ရက်တီက ပွဲချိန် ၆၈ မိနစ်တွင် ပွဲကို ရပ်နားခဲ့သည်။ ထိုအချိန်တွင် နာပိုလီက ဝ-၂ ဂိုးဖြင့် အနိုင်ရနေချိန်ဖြစ်သည်။ ပွဲကို ငါးမိနစ်ကြာရပ်နားထားပြီးနောက် ပြန်ကစားနိုင်သည့် အခြေအနေရှိသည့်အတွက် ဆက်လက် ကစားစေခဲ့သည်။

ထိုဖြစ်ရပ်မှာ အီတလီဘောလုံးလောကအတွက် အရှက်ရစရာဖြစ်စေခဲ့သည်။ ပြီးခဲ့သည့် လေးနှစ်အတွင်း သုံးကြိမ်မြောက် ဖြစ်ပွားခဲ့သည့် လူမျိုးရေးခွဲခြားမှုလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ်က အေစီမီလန်ကွင်းလယ်လူ ဘိုတန်ကို Pro Patria ပရိသတ်များက လူမျိုးရေးခွဲခြားခဲ့ကြသလို ၂၀၁၄ ခုနှစ်က အေစီမီလန်ကစားသမားများဖြစ်သည့် ဒီဂျောင်နှင့် ကီဗင်ကွန်စတန်တို့ကို အတ္တလန္တာပရိသတ်များက ငှက်ပျောသီးဖြင့် ပစ်ပေါက်ကာ လူမျိုးရေးခွဲခြားခဲ့ကြသည်။

နောက်ဆုံးဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင်မူ အီတလီဘောလုံးအဖွဲ့ချုပ်က အတ္တလန္တာအသင်းကို ဒဏ်ငွေ ပေါင် ၃၂,၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly