အခြေခံဥပဒေပြင်မယ်လို့ ဥပဒေကြမ်းကော်မတီဥက္ကဌသစ် ပြော

အခြေခံဥပဒေပြင်မယ်လို့ ဥပဒေကြမ်းကော်မတီဥက္ကဌသစ် ပြော
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် တာဝန်ပေးခံရသူ ဦးထွန်းထွန်းဟိန်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဖေဖော်ဝါရီ ၄)။ ။ ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သူ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးအပ်ကြာင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၄ရက် လွှတ်တော်အစည်းအဝေးတွင် ကြေငြာလိုက်သည်။

ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေငြာလိုက်ခြင်း ဖြစ်သည်။

သမ္မတလောင်းအမည်ကို အထူးလျှို့ဝှက်ထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLDပါတီအနေဖြင့် ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးမည်ကို ကြိုတင်အသိပေးထားခြင်း မရှိဘဲ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာသည့်အချိန်မှသာ သိရှိရသည်ဟု ဦးထွန်းထွန်းဟိန်က လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

"အန်ကယ်ကိုယ်တိုင်က ဒီနေ့လွှတ်တော်ထဲဝင်လို့ နာမည်ကြေငြာမှ သိရတာ" ဟု ကော်မတီဥက္ကဌအဖြစ် တာဝန်ပေးမည်ကို ကြိုတင်မသိကြောင်း ဦးထွန်းထွန်းဟိန်က ပြောသည်။

ဥပဒေကြမ်းကော်မတီဥက္ကဌဖြစ်လာသူ ဦးထွန်းထွန်းဟိန်အနေဖြင့် လုပ်ဆောင်ရန်ဆန္ဒရှိနေသည့် အကြောင်းအရာများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် သုံးခုရှိနေသည်ဟု ဆိုသည်။

"စိတ်ထဲမှာရှိတာ သုံးခုရှိတယ်။ ခေတ်နဲ့မညီတဲ့ဥပဒေတွေ ခေတ်နဲ့ညီအောင်ပြုပြင်မယ်။ ထပ်မံပြဌာန်းဖို့လိုတဲ့ ဥပဒေတွေကို ပြဌာန်းမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စတွေမှာ အန်ကယ်ကြိုးစားမယ်" ဟု ၎င်းက ပြောသည်။

ပြုပြင်ပြောင်းလဲရမည်ဟု အများစုက ယူဆထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမူ "ဒီသက်တမ်းအတွင်းမှာ ပြင်နိုင်အောင်ကြိုးစားမယ်။ အခွင့်အရေးပေးသလောက် အန်ကယ်တို့ လုပ်လို့ရမှာပေါ့" ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင်မူ ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်က တာဝန်ယူခဲ့သည်။

ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ လွှတ်တော်ဥက္ကဌသည် ကော်မတီသက်တမ်းတစ်နှစ်အတွင်း ပြန်လည်သုံးသပ်ပြီး ကော်မတီဝင်များကို လဲလှယ်ခန့်အပ်နိုင်သည်။

ကော်မတီ၏ တာဝန်များအနေဖြင့် ကော်မတီသည် ဥပဒေကြမ်းများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံနှင့် တည်ဆဲဥပဒေများပါ ပြဌာန်းထားသည့်အချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို လေးစားပြီး ကာကွယ်စောင့်ရှောက်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို ထိပါးစေမည့်အချက်များ ပါဝင်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ အများပြည်သူ၏ လုံခြုံရေးနှင့် ပြည်သူတို့၏ စိတ်လုံခြုံရေးကို ထိခိုက်ခြင်း ရှိ၊ မရှိ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့် အရေးအသား၊ အသုံးအနှုန်းများ ပါဝင်ခြင်း ရှိ၊ မရှိ စသည်တို့ကို စိစစ်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required