အမျိုးသားလွှတ်တော်ထဲ လူနည်းစုဖြစ်သွားသူများ၏ အသံ

အမျိုးသားလွှတ်တော်ထဲ လူနည်းစုဖြစ်သွားသူများ၏ အသံ

နေပြည်တော် (Myanmar Now) ။            ။ လွှတ်တော်တွင် ယခင်ကနေရာအများစုရရှိခဲ့သည့် ပါတီကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ပြီးနောက် ပိုင်းတွင် လူနည်းစုများ ဖြစ်သွားကြသည်။ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ပြန်လည်စတင်သည့်အမျိုးသားလွှတ်တော်သို့ တက်ရောက်လာသောအဆိုပါ ပါတီတို့အားကိုယ်စားပြုသည့်အမတ်များထဲမှ တချို့ ကိုတွေ့ဆုံပြီးလာမည့် ၅ နှစ်ကာလလွှတ်တော်သက်တမ်းအတွင်းအနိုင်ရပါတီအမတ်များနှင့် မည်သို့သောဆက်ဆံရေးရှိမည်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ၊ NLD အစိုးရ နှင့် NLD ကြီးစိုးသည့်လွှတ်တော်များကြားအပြန်အလှန် ထိန်းကျောင်းရေးတို့အကြောင်းကိုမေးမြန်းထားသည်။  ပြည်သူများအပြောင်းအလဲလိုလားနေပြီးလွှတ်တော်က ပြည်သူ့အရေးကိုယခင်ကထက် ပိုမိုလုပ်ဆောင်နိုင်မည်၊ NLD နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းတို့ကဆိုသည်။

ဦးဂျေယောဝူ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ                                       

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁

NLD ကရွေးချယ်တဲ့  (လွှတ်တော်) ဥက္ကဋ္ဌတွေဖြစ်လာပြီ၊ အစိုးရရွေးမယ့် ဝန်ကြီးတွေလည်းNLD ကရွေးတဲ့သူတွေပဲ ဖြစ်လာမှာ။ အတိုက်အခံဖြစ်လာနိုင်တာက တပ်ပိုင်းဆိုင်ရာ နဲ့ပေါ့။ဒေါ်စုထိန်းချုပ် မှုအောက်မှာရှိနေတဲ့ လွှတ်တော်နဲ့ အစိုးရဆိုတဲ့ မဏ္ဍိုင်ကြီး ၂ ခုကအပြန်အလှန်ထိန်းကျောင်းမှုတွေ အားမနည်းနိုင်ဘူးလို့မြင်တယ်။ အရင်ကလိုအရမ်းကြီးအတိုက်အခံလုပ်ရမယ့်သဘောတော့ သက်ရောက်မယ်မထင်ဘူး။

ပြည်ထောင်စုလွှတ်တော် စစခြင်းမှာပုဒ်မ ၅၉(စ) ကို ပြင်ဆင်မယ်၊ ဆိုင်းငံ့မယ်ဆိုရင်အများစုကပြင်ဆိုရင်တော့ ကျွန်တော်လည်းလိုက်သဘောတူရမှာပေါ့။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် သဘောထားက ပြင်သင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့ပြင်ခဲ့တုန်းကလည်းမအောင်မြင်ခဲ့ဘူးလေ။

ဟိုတုန်းကဖယ်ဒရယ်ဆိုတာကြောက်ရမယ့်ဟာတစ်ခုလို ဖြစ်နေတာ။ အခုလွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကသတ္တိရှိရှိနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ကြစို့လို့ အားလုံးကိုဖိတ်ခေါ်တဲ့ သဘောဖြစ်တယ်။ ဒါ့ကြောင့်ပိုပွင့်လင်းလာမယ်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံးရဲ့မျှော်လင့်ချက်ပန်းတိုင်ကိုဖော်ကြူးပေးလိုက်ပြီ၊ ဒ့ါကြောင့် ဒီလွှတ်တော်က ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်။
 ဦးစိုးအောင်၊ ပြည်ခိုင်ဖြိုးပါတီ

မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၁၁

ကျွန်တော်တို့ကအမျိုးသားလွှတ်တော်မှာ ၁၁ ယောက်ပဲရှိတယ်။ အများစုကNLD ပေါ့။ လွှတ်တော်မှာကျွန်တော်တို့ကတစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ပါပဲ။ ဒေါ်စုကလည်း လမ်းညွှန်ထား တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် အားလုံးပေါင်းစပ်ဆောင်ရွက်မယ်၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲနဲ့ ညှိနှိုင်းပြီးလုပ်သွားမယ်တဲ့။

လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ အရှင်သခင်မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အစေအပါးပါ။ သူတို့ခိုင်းသမျှ လုပ်ရမှာပါ။ သူတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ NLD လွှတ်တော်နဲ့ NLDအစိုးရတို့ အပြန်အလှန်ထိန်းကျောင်းမှုကိုတော့ ကျွန်တော်တို့ကစောင့်ကြည့်ရဦးမှာပါ။ ပါတီစွဲ၊ ဒေသစွဲ၊  ပုဂ္ဂိုလ်စွဲတွေမထားဘဲနဲ့ တိုင်းပြည်ကောင်းအောင် ပေါင်းစပ်ညှိနှိုင်း၊ တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးနဲ့လုပ်တော့မယ်ဆိုတော့ ကျွန်တော်တို့ကလည်းအားပေးရမှာပဲ။ ကျွန်တော်ကတိုင်းပြည်ရဲ့အပြောင်းအလဲကိုယုံလည်းယုံတယ်။ ပြည်သူလူထုကအပြောင်းအလဲကိုလိုသွားပြီလေ။
ပုဒ်မ ၅၉(စ) နဲ့ပက်သက်ပြီးပြောရရင် ဒေါ်စုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်ပဲလေ။ နိုင်ငံတကာ အ တွေ့အကြုံရော၊ အရည်ချင်းရော၊ စွမ်းဆောင်ရည်ရောက ပြည်သူလူထုတောင်းဆိုနေတာရောပေါ့။ ကျွန်တော့်တစ်ဦးထဲအမြင်ကတော့ သဘောတူတယ်။
 ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ပြည်ခိုင်ဖြိုး

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၆

NLD ကလည်းကိုယ့်ရဲ့တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေတာပဲလေ။ ပြည်ခိုင်ဖြိုးကလည်းဒီလိုပဲလေ။ ကျွန်တော်တို့ကတတ်နိုင်တဲ့ဘက်ကကူညီမှာပေါ့၊ NLD ဦးဆောင်မှုအောက်မှာ ပူးပေါင်းပြီးလုပ်ရမှာပေါ့။ ကျွန်တော်တို့ကလည်းအတိုက်အခံတွေ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ သူတို့လူနည်းစုတုန်းကလည်းသူတို့ကဒီအတိုင်းပဲလေ။ သူတို့မှားတာလုပ်လို့ရှိရင်တော့ ကျွန်တော်တို့ကထိန်းပေးရမှာပေါ့။ လူထုအတွက် ကောင်းတဲ့ဟာ၊ မှန်တဲ့ဟာလုပ်မယ်ဆိုရင်တော့ ဘာမှအတိုက်အခံလုပ်စရာမလိုဘူးလေ။

ပြည်ခိုင်ဖြိုးထဲကလူတချို့ လာမယ့်အစိုးရမှာပါလာဖို့တော့ မကြားမိသေးဘူးဗျ။ ဦးရွှေမန်းကိုတစ်နေရာရာမှာ ပြန်တာဝန်ပေးမယ်ဆိုရင်  ကောင်းတာပေါ့။ သူကလည်းတော်တဲ့သူပဲလေ။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required