Tiger နှင့် ABC stout ဘီယာထုတ်လုပ်မှု အစိုးရက လိုင်စင်သက်တမ်းထပ်မတိုးတော့

Tiger နှင့် ABC stout ဘီယာထုတ်လုပ်မှု အစိုးရက လိုင်စင်သက်တမ်းထပ်မတိုးတော့
ဓာတ်ပုံ-ဟောင်ဆာ ရာမည
 

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။          ။ အစိုးရ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Myanmar Brewery ကုမ္ပဏီလီမိတက်က Tiger ဘီယာနှင့် ABC stout ဘီယာတို့ကို ထပ်မံထုတ်လုပ်ရန် လိုင်စင်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ကုမ္ပဏီများဘက်မှ လိုင်စင်သက်တမ်းတိုးရန် ပြောဆိုညှိနှိုင်းခြင်း မရှိသည့်အတွက် မိခင်ကုမ္ပဏီဖြစ်သည့် Heineken ဘီယာမှ အဆိုပါ ထုတ်ကုန်နှစ်ခုကို ပြည်တွင်းဈေးကွက်အတွက် ပြန်လည်ထုတ်လုပ် ဖြန့်ချိမည်ဟု သိရသည်။

ထိုကဲ့သို့ ဘီယာပြန်လည်ထုတ်လုပ်ရာတွင် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းထားသော ဖက်စပ်ကုမ္ပဏီ APB Alliance Brewery ကုမ္ပဏီလီမိတက်မှ ယခုနှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်သည်။

“Tiger နဲ့ ABC stout ဘီယာတွေကို ထုတ်လုပ်ခဲ့တဲ့ Myanmar Brewery ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှာပဲ လိုင်စင်သက်တမ်း ကုန်သွားပြီဖြစ်ပါတယ်။ နောက်ထပ်သက်တမ်းတိုးဖို့ ကျွန်တော်တို့ကို ညှိနှိုင်းတာ၊ တောင်းဆိုတာတွေ မလုပ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ပျော်ရွှင်စွာနဲ့ ဒီဘီယာတွေကို ပြန်လည်ထုတ်လုပ်သွားမှာပါ” ဟု APB Alliance Brewery ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Lester Tan က ပြောဆိုသည်။

အဆိုပါ ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းသည် ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးသွားခြင်းဖြစ်ပြီး လိုင်စင်သက်တမ်းတစ်ကြိမ်ကို ၅ နှစ်သက်တမ်းရှိသည်ဟု သိရသည်။

နယ်သာလန်နိုင်ငံအခြေစိုက်Heineken ဘီယာသည် ၁၉၉၆ ခုနှစ်မတိုင်မီက ယင်း၏ မိသားစုကုမ္ပဏီမှ Heineken ဘီယာနှင့် Tiger ဘီယာတို့ကို ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခဲ့ပြီး အဆိုပါ နှစ်များအတွင်း စီးပွားရေးပိတ်ဆို့မှု အရေးများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။

ထို့နောက် ၂၀၁၃ ခုနှစ်၊ မေလတွင်  ပြည်တွင်းက Grand Royal ဝီစကီနှင့် အရက်ယမကာထုတ်လုပ်သူ ဦးအောင်မိုးကျော် ရှယ်ယာအများဆုံးပိုင်ဆိုင်သော Alliance Brewery ကုမ္ပဏီလီမိတက် (ABC company Limited) နှင့် Heineken ၏ လက်အောက်ခံကုမ္ပဏီ APB Brewery တို့က ကန်ဒေါ်လာ သန်း ၆၀  အကျိုးတူရင်းနှီးမြှုပ်နှံကာ APB Alliance Brewery ကုမ္ပဏီလီမိတက်အမည်ဖြင့် Heineken ဘီယာနှင့် Regal Seven ဘီယာတို့ကို ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်း ထုတ်လုပ် လျက်ရှိသည်။

ယခုအခါ ဖက်စပ်ကုမ္ပဏီ APB Alliance Brewery ကုမ္ပဏီလီမိတက်အနေနှင့် Tiger ဘီယာနှင့် ABC stout ဘီယာတို့ကို ပြန်လည်ထုတ်လုပ်သွားမှာဖြစ်ပြီး Heineken မိသားစုအောက်တွင် စုစုပေါင်း ဘီယာအမှတ်တံဆိပ်ပေါင်း ၄ခုကို ဈေးကွက် အတွင်းသို့ ထုတ်လုပ်သွားမည်ဟု သိရသည်။ APB Alliance Brewery ကုမ္ပဏီလီမိတက်အနေနှင့် ထိုဘီယာအမှတ်တံဆိပ် ၄ မျိုးစလုံးကို စက်ရုံတစ်ခုတည်းကနေ တစ်နှစ်တွင် လီတာသန်းပေါင်း ၄၅ သန်းနီးပါး ထုတ်လုပ်သွားမည်ဟု သိရသည်။

ဈေးကွက်အနေနှင့် အမှတ်တံဆိပ် ၄ ခုစလုံးမှာ တန်းတူအာရုံစိုက် ထိုးဖောက်သွားမှာဖြစ်ပြီး သက်တမ်းနုနယ်သေးသည့် Regal Seven ဘီယာအနေနဲ့ ဈေးကွက်အတွင်း   ပြိုင်ဆိုင်မှု   ပြင်းထန်လာနိုင်ကြောင်း  APB Alliance Brewery ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ Lester Tan က ပြောသည်။

“Regal Seven အနေနဲ့ ပွဲကြပ်သွားဖို့ရှိနေပါတယ်၊ Tiger ၊ ABC နဲ့ Heineken တို့က မြန်မာပြည်ဈေးကွက်ထဲမှာ နာမည်ရအောင်မြင်နေပြီးသား၊သက်တမ်းရှိနေပြီးသားဆိုတော့ သူ့တို့ရဲ့ အခန်းကဏ္ဍနဲ့ နှိုင်းယှဉ်ရင် မလွယ်ပါဘူး၊ မလွယ်ပေမယ့် အရည်အသွေးနဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်ပြီး သူလည်းပဲ အောင်မြင်သွားမယ်လို့ ယုံကြည်ပါတယ်”
APB Alliance Brewery ကုမ္ပဏီလီမိတက်က ပြန်လည်ထုတ်လုပ်မည့် Tiger နှင့် ABC extra stout ဘီယာတို့ကို ပုံစံဒီဇိုင်းအသစ်ဖြင့် ထုတ်လုပ်သွားမှာဖြစ်ပြီး ပါဝင်ပစ္စည်းနှင့် အရသာတို့ကို မူလပုံစံမပြောင်းဘဲ ထုတ်လုပ်သွားမှာဖြစ်ကာ အရည်အသွေးကို နယ်သာလန်နိုင်ငံမှ တိုက်ရိုက်ထိန်းချုပ်စစ်ဆေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required