တောင်ရိုးတိုင်းရင်းသားဒေသ ရေ အခက်အခဲဖြေရှင်းရန် အလှူရှင်များလိုအပ်နေ

တောင်ရိုးတိုင်းရင်းသားဒေသ ရေ အခက်အခဲဖြေရှင်းရန် အလှူရှင်များလိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။         ။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ နှင့် ကလောမြို့နယ်အတွင်း တောင်ရိုးတိုင်းရင်းသားများ နေထိုင်သော လက်မောင်းကွေးကျေးရွာအုပ်စုတွင် အချိန်အခါမဟုတ် ရေခန်းခြောက်မှုအား ဖြေရှင်းရန် ငွေကြေးအခက်အခဲဖြစ်နေသည်ဟု လက်မောင်းကွေးဘုန်းကြီးကျောင်း ဆရာတော် ဦးသူရိယက မဇ္ဈိမသို့ မိန့်ကြားသည်။

''အရေးပေါ် ဂါလံ ၅၀၀၀ ဆံ့ကန် တူးပေးထားတာရှိတယ်၊ ရေမရှိတော့ဘူး။ အရေးပေါ်ကန် တစ်ချို့ သော့ခတ်ထားတယ်။ တချို့ ကန်ထုတ်သုံးနေရပြီ။ တစ်ရက်နှစ်ရက် ရွာကခပ်လိုက်ရင်ကုန်ပြီ။ ပိုက်သွယ်ဖို့ တစ်လလောက် အတွင်း ပြီးအောင်လုပ်မယ်။ အလှူရှင်တွေလိုပါတယ်။ အလှူရှင် မရှိရင်တော့ ကျေးရွာတွေမှာ ရသလောက် ကောက်ခံပြီး လုပ်သွားရတော့မှာပေါ့။'' ဟု ဆရာတော်က မိန့်ကြားသည်။

ရေအခက်အခဲဖြေရှင်းရန် အင်းခေါင်းဆည်မှ စီးဆင်းသည့် အင်းမီးချောင်းရေကို ရေတင်ပန့်စက်ဖြင့် အင်းမီးရွာကတဆင့် မြောက်ဖက် အမြင့်ဆုံးတောင်ကုန်းပေါ်သို့ တင်ပြီး တောင်ထိပ်တွင် ရေလှောင် ကန်ဆောက်မည်ဟု တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်းလူငယ်အထောက်ကူပြုအဖွဲ့က သိရသည်။

အင်းမီးချောင်းမှ ရေပိုက်သွယ်တန်းမည့် တောင်ကုန်းထိ တစ်မိုင်ကျော်ရှိပြီး ၃ဖာလုံကျော်လျှင် တစ်ရွာရှိကာ တောင်ကုန်းပေါ်မှ အိမ်ခြေ ၄၅ ရှိသည့် ပန်းတင်ရွာ၊ အိမ်ခြေ ၅၀ ရှိသည့် သရက်ပင်ရွာ၊ အိမ်ခြေ ၃၇ ရှိသည့် ကျောင်းနားရွာမှ တဆင့် လက်မောင်းကွေးဘုန်းကြီးကျောင်းသို့ရောက်ရှိကာ ထိုမှ တဆင့်အခြားကျေးရွာများသို့ ပြန်လည်ဖြန့်ဝေမည်ဟု ဆရာတော် ဦးသူရိယက မိန့်သည်။

လက်မောင်းကွေးကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများတွင် သောက်ရေအတွက်မူ UNDP နှင့် NGO အဖွဲ့များမှ လှူဒါန်းထားသော မိုးရေလှောင်သည့် ကျောက်ခွေ တစ်အိမ် တစ်လုံးရှိပြီး ယင်းကျောက်ခွေထဲမှ ရေမှာလည်း မကြာမီ ကုန်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဆရာတော်က ဆိုသည်။

ရေပြဿနာကို လတ်တလော ဖြေရှင်းရန် သိန်း ၃၀၀ ခန့် ကုန်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် အလှူငွေ တစ်သိန်းသာ ရှိသေးကြောင်းလည်း တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း လူငယ်အထောက်ကူပြုအဖွဲ့မှ ကျေးရွာများတွင် ကွင်းဆင်းလေ့လာခဲ့သည့် ကိုအောင်ဆန်းက ပြောသည်။

''အလှူရှင်တွေက တပိုင်တနိုင် တာဝန်ယူပေးမယ့်သူတော့ ရှိပါတယ်။ လက်ရှိ ရန်ကုန်က ငွေတစ်သိန်း လွှဲခဲ့တဲ့ အလှူရှင် တစ်ဦးပဲရှိပါသေးတယ်။ လုံးလုံးတာဝန်ယူမယ့်သူတော့မရှိသေးဘူး။ ဆရာတော်တွေနဲ့လမ်းကြောင်း သွားလေ့လာကြည့်တော့ သိန်း ၃၀၀ လောက်ကုန်မယ့် အနေအထားရှိတယ်။'' ဟု ၎င်းက ပြောသည်။

ညောင်ရွှေမြို့နယ်ထဲမှ လက်မောင်းကွေးကျေးရွာ၊ ကျောင်းရှေ့ရွာ၊ ကျောင်းနားရွာ၊ အံပဲ့ရွာ၊ တောင်ရွာ၊ သရက်ပင်ရွာ၊ ပန်းပင်ရွာ၊ ကလောမြို့နယ်ထဲမှ အိမ်ခြေ ၁၄၀ ရှိသည့် ဇီးယားရွာနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း တို့ အားထားရသည့် ရေအိုင် (၄) အိုင်မှာ ဇန်နဝါရီလဆန်းပိုင်းက ခန်းသွားသောကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည်။

လက်မောင်းကွေး ကျေးရွာအုပ်စုသည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနှင့် ကလောကြား၊ ဟဲဟိုးနှင့် (၈) မိုင်အကွာတွင် တည်ရှိသည်။

ညောင်ရွှေမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးနေအောင်က ''လက်မောင်းကွေးဖက်ကို လွှတ်တော်ဘတ်ဂျက် သိန်းတစ်ထောင်နဲ့ လမ်းဦးစားပေးလုပ်နေပါတယ်။ အဲ့ဒီဖက်က လမ်းမကောင်းဘူး။ အခုမှ ဆိုင်ကယ်စီးလို့ အဆင်ပြေသွားတာ။ ရေအတွက်တင်ပြလာတာ မရှိသေးဘူး။ ကလော မြို့နယ်ဖက်ခြမ်းက သိန်း (၅၀) တန် ရေလှောင်ကန် တစ်ကန်တူးထားပေး တယ်လို့သိရတယ်။ စစ်ဆေးကြည့်ပါဦးမယ်။ ခုလိုသိရတာ ကျေးဇူးတင်ပါတယ်။'' ဟု မဇ္ဈိမကို ပြောကြားသည်။

သောက်သုံးရေ အခက်အခဲဖြစ်နေသူများသို့ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉၄၂၂၅၁၇၀၅၃၊  ၀၉၄၀၀၅၁၀၆၂၁၊ ၀၉၄၂၈၃၆၆၇၁၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly