ယင်လပ်အစိုးရ သိုလှောင်ခဲ့သည့် ဆန်များကို ထိုင်းအစိုးရ ထုတ်ရောင်းမည်

ယင်လပ်အစိုးရ သိုလှောင်ခဲ့သည့် ဆန်များကို ထိုင်းအစိုးရ ထုတ်ရောင်းမည်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂ ။                ။ ထိုင်းအစိုးရက ၎င်းသိုလှောင်ထားသည့် ဆန်များမှ ဆန်တန်ချိန် ၅၇၀၀၀၀ မှ ၆၀၀၀၀၀ အထိကို စားသုံးရန်နှင့် လုပ်ငန်းကိုင်ငန်းများအတွက် ထုတ်ရောင်းချ သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်က ပြောသည်။

အိန္ဒိယပြီးလျှင် ကမ္ဘာ့ဒုတိယဆန်တင်ပို့သည့် နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသည် ယခင် ယင်လပ်အစိုးရလက်ထက်တွင် ဆန်ဝယ်ယူရေးအစီအစဉ်အရ ဆန်တန်ချိန် ၁၃ သန်းကို သိုလှောင်ထားသည်။

ယင်လပ်အစိုးရ၏ ဆန်စပါးအမတော်ကြေးအစီအစဉ်သည်။ နိုင်ငံတော် ဘဏ္ဍာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီကာ ကုန်ကျခဲ့ပြီး ၂၀၁၄ ကမှ ယင်းဆန်အမတော်ကြေးပေးဝယ်ယူသည့် အစီအစဉ်က အဆုံးသတ်သွားခြင်းဖြစ်သည်။

ဆန်လိုအပ်ချက်အရ မြောက်မြားစွာသိုလှောင်ထားသည့် ယင်းဆန်များမှ စစ်အစိုးရက ယခုနှစ်တွင် ပထမဆုံးထုတ်ရောင်းခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၁၆ မှ ၁၇ ရက်တို့တွင် ထုတ်ရောင်းချမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ချပ်တီမာက သတင်းထောက်များအားပြောသည်။

“အစိုးရက သိုလှောင်ဆန်များမှ ဆန်တန်ချိန် ၅၇၀၀၀၀ ကို လေလံတင်ရောင်းချဖို့ ကုန်သွယ်ရေးဝန်ကြီးဌာနကို ခွင့်ပြုလိုက်ပါပြီ။ ဆန်သိုလှောင်ထားမှု များပြားနေလွန်းတာကြောင့် ထုတ်ရောင်းတာပဲဖြစ် ပါတယ်။”ဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားကုန်သွယ်မှုဌာန ညွန်ကြားရေးမှူးချုပ်ဖြစ်သူ ဒန်ပွန်က ပြောသည်။

ဆန်သိုလှောင်ဂိုထောင်များကို စစ်ဆေးရေးအတွက် ဖေဖော်ဝါရီ ၂ မှ ၁၀ အထိ ဖွင့်ထားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ပထမအသုတ်ရောင်းချခြင်းသည် လူတို့စားသုံးနိုင်သည့် ဆန်ကောင်းများဖြစ်ပြီး ဒုတိယအသုတ်က လုပ်ငန်းကိုင်ငန်းသုံးဆန်များကို ရောင်းချမည်ဖြစ်ကြောင်း ချပ်တီမာက သတင်းထောက် များအား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required