မလေးရှား နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေထဲမှ ကန်ဒေါ်လာ ၄ဘီလျံ အခိုးခံရဟု ဆွစ်ဇာလန်ပြောကြား

မလေးရှား နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေထဲမှ ကန်ဒေါ်လာ ၄ဘီလျံ အခိုးခံရဟု ဆွစ်ဇာလန်ပြောကြား

ဂျနီဗာ၊ ဖေဖော်ဝါရီ - ၁ ။             ။ နိုင်ငံပိုင် ဖွံ့ဖြိုးရေးရံပုံငွေမှ ကန်ဒေါ်လာ ၄ ဘီလျံကို ကဲ့ထုတ်သွားသည်ဟု ဆွစ်အစိုးရရှေ့နေများက ပြောကြားလာပြီးနောက်တွင် မလေးရှားအစိုးရမှာ အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် နပန်းလုံးနေရဆဲပင် ဖြစ်သည်။

1 Malaysia Development Berhad (1MDB)မှ ပျောက်ဆုံးနေသည့် ငွေတစ်ချို့မှာ မလေးရှားအစိုးရအရာရှိဟောင်းများ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ လက်ရှိနှင့် လက်ဟောင်း အစိုးရအရာရှိများ ကိုင်ဆောင်ထားသည့် ဆွစ်ဘဏ်စာရင်းများထဲတွင် ပြန်ပေါ်လာသည်ဟု ဆွစ်ဇာလန်အစိုးရရှေ့နေချုပ်က ဇန်နဝါရီလ ၂၉ရက်နေ့က ပြောကြားခဲ့သည်။

ဆွစ်ဥပဒေကို ချိုးဖောက်ဖွယ်ရှိနေသောကြောင့် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုတွင် ကူညီရန် ဆွစ်အာဏာပိုင်များက မလေးရှားကို တောင်းဆိုထားသည်။ မလေးရှား ရှေ့နေချုပ် မိုဟာမတ် အပန်ဒီ အလီကလည်း ၎င်း၏ အရာရှိများက စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကန်ဒေါ်လာ ၆၈၁သန်း ၎င်း၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ လွှဲပြောင်းသွားမှုကို စုံစမ်းစစ်ဆေးရာတွင် ဝန်ကြီးချုပ် နာဂျစ် ရာဇက်မှာ မည်သည့်မသမာမှုမျှ မကျူးလွန်ကြောင်း ရှေ့နေချုပ်က ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ဆွစ်ဇာလန်၏ စုံစမ်းစစ်ဆေးမှုသတင်း ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ ငွေများမှာ ဆော်ဒီတော်ဝင်မိသားစုထံမှ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းသည့် ငွေများဖြစ်ပြီး၊ ယင်းတို့အနက် ကန်ဒေါ်လာ သန်း၆၂၀ကို ပြန်ပေးခဲ့ကြောင်း နာဂျစ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မလေးရှား၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီကမူ ဖြေရှင်းချက်ကို မကျေနပ်လှဘဲ၊ နာဂျစ် ပြစ်မှုကင်းရှင်းကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နိုင်အောင် ကြိုးစားသွားမည်ဟု ပြောကြား ခဲ့သည်။

သို့ရာတွင် 1MDBကို စုံစမ်းစစ်ဆေးမှုမှာ နာဂျစ်၏ ဘဏ်စာရင်းထဲ စီးဝင်သွားသည့် ငွေကြေးများနှင့် သီးခြားကိစ္စဖြစ်သည်ဟု အပန်ဒီက ပြောကြားခဲ့သည်။

ဆွစ် ရှေ့နေချုပ်ရုံးကမူ နိုင်ငံခြားအရာရှိများ၏ လာဘ်ယူမှု၊ အစိုးရရုံးများတွင် အလွဲသုံးစားလုပ်မှု၊ 1MDBတွင် ငွေရှော်မှု၊ စီမံခန့်ခွဲမှုအမှားများနှင့် ဆက်နွယ်နေနိုင်သည့် ဆွစ်ဥပဒေများကို ချိုးဖောက်မှုအလားအလာကို စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ပြောကြားခဲ့သည်။

1MDB၏ အကြံပေးဘုတ်အဖွဲ့ကို နာဂျစ်က ကြီးမှူးပြီး၊ လက်ရှိတွင် ထိုကုမ္ပဏီမှာ ကန်ဒေါ်လာ ၁၁ဘီလျံအကြွေးတင်နေမှုနှင့် တလွဲစီမံခန့်ခွဲမှုများ ရှိနေသည်ဟု စွဲချက်များအပေါ် အငြင်းပွားနေရသည်။

ဆွစ်ရှေ့နေချုပ်ရုံး၏ စီမံခန့်ခွဲမှုအရ မလေးရှား နိုင်ငံပိုင်ကုမ္ပဏီများတွင် ရံပုံငွေများကို အလွဲသုံးစားပြုသည့် လက္ခဏာများကို တွေ့နေရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly