တရုတ်နိုင်ငံက ဗြိတိသျှဘုန်းကြီးကို သတ်ဖြတ်သည့် တရားခံနှစ်ယောက်ကို သေဒဏ်စီရင်တော့မည်

တရုတ်နိုင်ငံက ဗြိတိသျှဘုန်းကြီးကို သတ်ဖြတ်သည့် တရားခံနှစ်ယောက်ကို သေဒဏ်စီရင်တော့မည်

ပေကျင်း၊ ဖေဖော်ဝါရီ - ၁ ။                      ။ နိုင်ငံပိုင်မီဒီယာ၏ ပြောကြားချက်အရ ဥရောပတွင် ပထမဆုံး တိဘတ်ဘုန်းကြီးကျောင်းကို တည်ထောင်ခဲ့သည့် ဗြိတိသျှဘုန်းကြီးတစ်ပါးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို တရုတ်နိုင်ငံက ကွက်မျက်တော့မည်ဖြစ်သည်ဟု ဆိုသည်။

စကော့တလန်မှ ဆမ်ရဲလင်းဘုန်းကြီးကျောင်းကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည့် အကွန်း တူကူ ရင်ပိုချေးကို ၂၀၁၃ခုနှစ်က အနောက်တောင်ပိုင်း ချန်တူးမြို့ရှိ ၎င်း၏ နေအိမ်တွင် ဓားဒဏ်ရာ များစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။

နိုင်ငံပိုင် China News Service က တနင်္ဂနွေနေ့ နှောင်းပိုင်း သတင်းပို့ချက်အရ ချန်တူးတရားရုံးတစ်ခုက တူဒန်း ဂူဆန်းနှင့် ဇာရင်း ဘန်ဂျူးတို့နှစ်ဦးကို အကွန်းနှင့် အခြားနှစ်ဦးကို သတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပြီး အခြားကြံရာပါတစ်ဦးကိုလည်း ထောင် ၃နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ဆိုသည်။

စကော့တလန် ဘုန်းကြီးကျောင်းတွင် အလုပ်လုပ်ခဲ့သည့် ဂူဆန်းနှင့် ဘန်ဂျူးတို့နှစ်ဦးက အကွန်း၊ အကွန်း၏တူနှင့် ယာဉ်မောင်းတို့ကို ယွမ်ငွေ ၂.၇သန်း ပေးချေမှုနှင့် ပတ်သက်၍ စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အသက်၇၀တွင်းသို့ ချဉ်းနင်းနေပြီဖြစ်သည့် အကွန်းမှာ ၁၉၅၉ခုနှစ် တိဘတ်မှ ထွက်ပြေးလာပြီးနောက်တွင် ဗြိတိန်နိုင်ငံသား ခံယူထားသူတစ်ယောက်ဖြစ်ပြီး ၁၉၆၇ခုနှစ်တွင် စကော့တလန် တောင်ကုန်းများကြား၌ ဘုန်းကြီးကျောင်းကို တည်ထောင်ခဲ့သည်။

အကွန်းမှာ တိဘတ်ဗုဒ္ဓဘာသာတွင် အလေးစားအပ်ဆုံး ဆရာများကိုသာ ပေးအပ်သည့် ဂုဏ်ထူးဆောင် ရင်ပိုချေးဘွဲ့ထူး လက်ခံရရှိထားသူပင်ဖြစ်ပြီး ၎င်းမှာ လုပ်ကြံသတ်ဖြတ်ခံရခြင်းပင် ဖြစ်ကြောင်း ဘုန်းကြီးကျောင်းက ပြောကြားခဲ့သည်။

ထိုဘုန်းကြီးကျောင်းမှာ အနုပညာရှင်များနှင့် ဂီတပညာရှင်များ လာရောက်လည်ပတ်လေ့ရှိရာ ဘုရားဖူးနေရာတစ်ခုဖြစ်ပြီး၊ လီယိုနာ့ ကိုဟင်နှင့် ဒလိုင်လာမားလို အဆင့်မြင့် တိဘတ်ဘုန်းတော်ကြီးများပင် ပါဝင်နေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ ထွက်ပြေးလာခဲ့သော်လည်း အကွန်းမှာ ပေကျင်းအာဏာပိုင်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး၊ တိဘတ်ဒေသများသို့ ပုံမှန်သွားရောက်လေ့ရှိခဲ့သည်။

တိဘတ်လူမျိုးအများစုက တရုတ်က ၎င်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှုကို ဖိနှိပ်သည်ဟု ပြောသော်လည်း ပေကျင်းကမူ မဖွံ့ဖြိုးသေးသည့် ဒေသသို့ ကြီးစွာသော ရင်းနှီးမြှုပ်နှံမှုကို ဆောင်ကျဉ်းလာခဲ့သည်ဟု ပြောကြားနေခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများက တရုတ်နိုင်ငံမှာ ကျန်ကမ္ဘာ့နိုင်ငံများ အားလုံးပေါင်းထက် ကျော်လွန်သည့် အရေအတွက်ကို ကွက်မျက်သုတ်သင်နေသည်ဟု ပြောကြားနေသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်တွင်မူ နှစ်စဉ် သေဒဏ်စီရင်မှု အရေအတွက်မှာ လျော့ကျသွားခဲ့သည်ဟု ဆိုသည်။ ပေကျင်းက မည်ရွေ့မည်မျှ သေဒဏ်ပေးသည့် အရေအတွက်ကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားပြီး တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly