ငလျင်ဒဏ်ခံနီပေါသို့ ကန်ဒေါ်လာ ၄ဒသမ၄ဘီလျံကူညီမည်ဟု အလှူရှင်များကတိပြု

ငလျင်ဒဏ်ခံနီပေါသို့ ကန်ဒေါ်လာ ၄ဒသမ၄ဘီလျံကူညီမည်ဟု အလှူရှင်များကတိပြု

ခတ္တမန္ဒူ၊ ဇွန် ၂၆ ။        ။ ငလျင်ဒဏ်ခံနီပေါနိုင်ငံသို့ ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ ကူညီမည်ဟု အိန္ဒိယနှင့် တရုတ်တို့ဦးဆောင်သော နိုင်ငံတကာအလှူရှင်များက ကတိပြုမှုအား ကြိုဆိုကြောင်း၊ ယင်းငွေပမာဏ မှာမျှော်လင့်သည်ထက် ပိုမိုကြောင်း နီပေါအစိုးရက ဇွန် ၂၅ တွင် ပြောကြားခဲ့သည်။

အကူအညီအားလုံး ငလျင်ဒဏ်ခံပြည်သူများထံ ပို့ရမည်ဖြစ်ပြီးအလွဲသုံးစားလုပ်မှုနှင့် ခြစားမှုကို လုံးဝသည်းခံမည် မဟုတ်ကြောင်း လည်း နီပေါဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဧပြီလက လှုပ်ခတ်ခဲ့သော ငလျင်ကပ်ဘေးကြောင့် လူ ၈၈၀၀ကျော်သေဆုံးခဲ့ပြီး အိမ်ခြေငါးသိန်းနီးပါးပျက်စီးခဲ့သည်။ ငလျင်ကြောင့် လူထောင်ပေါင်းများစွာ အစားအစာ၊ သန့်ရှင်းသောရေနှင့် အမိုးအကာများလိုအပ်နေသည်။ ကပ်ဘေးမှ နာလံထရေးအတွက် နီပေါနိုင်ငံသည် အမေရိကန်ဒေါ်လာ ၆ဒသမ၇ဘီလျံခန့် လိုအပ်လျက်ရှိသည်။

 "ဒီနေ့ ကူညီဖို့ကတိပြုတဲ့ စုစုပေါင်းပမာဏက အမေရိကန်ဒေါ်လာ ၄ဒသမ၄ဘီလျံပါ။ ဒါဟာ မျှော်လင့်တာထက်ပိုပါတယ်။ အမေရိကန်ဒေါ်လာ ၂ဒသမ၂ဘီလျံက ချေးငွေအနေနဲ့ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ဒသမ၂ဘီလျံကို ထောက်ပံ့ငွေ အဖြစ် ပေးတာပါ"ဟု နီပေါဘဏ္ဍာရေးဝန်ကြီး ရမ်ရှာရန်မာဟတ်က ပြောကြားခဲ့သည်။

ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံခြားအကူအညီများကိုသာမကဘဲ ပြည်တွင်းအခွန်ငွေများကိုလည်း သုံးစွဲသွားမည်ဟု ဇွန် ၂၅ ရက်က ပြီးဆုံးခဲ့သည့် အကူအညီပေးရေးအစည်းအဝေးမတိုင်မီ အေအက်ဖ်ပီနှင့် အင်တာဗျူးတွင် မာဟတ်ကပြောကြား ခဲ့သည်။

အစည်းအဝေးစတင်ချိန်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံကူညီမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ရှ်မာဆွာရတ်ဂျ်က ကတိပြုစဉ် တရုတ်ကလည်း ယွမ် သုံးဘီလျံ(အမေရိကန်ဒေါ်လာ ၈၄၃သန်း)ကူညီမည်ဟု ကတိပြုခဲ့သည်။

နီပေါ၏အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုမှာ နီပေါနိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် ယှဉ်ပြိုင်နေခဲ့ကြပြီး နှစ်နိုင်ငံစလုံးသည် နီပေါ၏ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြီးမားသည့်ကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ နီပေါပြန်လည်ထူထောင်ရေးအတွက် အာရှဖွံ့ဖြိုးရေး ဘဏ် (အေဒီဘီ)မှ အမေရိကန်ဒေါ်လာ သန်း ၆၀၀၊ ဂျပန်မှ အမေရိကန်ဒေါ်လာ သန်း ၂၆၀၊ အမေရိကန်မှ အမေရိကန်ဒေါ်လာ သန်း ၁၃၀၊ အီးယူမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၊ ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၅၈သန်း ကူညီကြမည်ဖြစ်ပြီး အစောပိုင်းက ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ကူညီမည်ဟု ကမ်းလှမ်းထားသည်။

နီပေါတွင် လူ ၂ဒသမ၈သန်းခန့်မှာ အစားအစာ၊ သန့်ရှင်းမှုနှင့် ဆေးဝါးစောင့်ရှောက်မှုအပါအဝင် လူသားချင်း စာနာထောက်ထား မှုအကူအညီများလိုအပ်နေဆဲဟု ကုသမဂ္ဂက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required